ပြီးခဲ့နှစ်က ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ဟာ ဆုန်ခရမ်နဲ့ပတ်သက်ပြီး ပြည်သူတွေ သတိထားရမယ့် အချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အောက်ပါအချက်တွေဟာ ဒီထုတ်ပြန်ချက်ကို အခြေခံပြီး ရေးသားထားတာ ဖြစ်ပါတယ်။

မော်တော်ဆိုင်ကယ်

မော်တော်ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ လုံခြုံရေးကတော့ နံပါတ်တစ်ပါပဲ။ နှစ်တိုင်း မတော်မဆဖြစ်မှုတွေ တော်တော်များပါတယ်။ ရေစိုနေရာတွေနားရောက်လာရင် ဆိုင်ကယ်အရှိန်လျော့ပါ။ ရုတ်တရက် ဘရိတ်အုပ်ရတဲ့ အခြေအနေမျိုးမဖြစ်အောင် သတိထားပါ။ ဆိုင်ကယ်ဦးထုပ်ကတော့ မောင်းတဲ့သူရော၊ နောက်ကလိုက်တဲ့သူရော မဖြစ်မနေ ဆောင်းရပါမယ်။

ခရီး

ခရီးထွက်မယ်ဆို လမ်းကြောင်းကို သေချာလေး လေ့လာပြီးသွားပါ။ ကျွမ်းကျင်တဲ့သူပါရင် ပိုကောင်းပါတယ်။ ကိုယ်စီးသွားမယ့် ယာဉ်ရဲ့ ဘရိတ်၊ မီး၊ ဆီ အကုန်သေချာစစ်သွားပါ။

အရက်

အရက်သောက်ပြီး ကား၊ဆိုင်ကယ်မောင်းတာကြောင့်ဖြစ်တဲ့ အသေအပျောက်နှုန်းဟာ ဆုန်ခရမ်မှာ တော်တော်မြင့်ပါတယ်။ မူးပြီးမောင်းရင် ဥပဒေအရ ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်ထိ ရှိပါတယ်။ ငွေဒဏ်ဆို ဘတ် ခြောက်သောင်းကနေ နှစ်သိန်းထိ ရှိပါတယ်။

အရက်နဲ့ဆိုရှယ်မီဒီယာ

အရက်ပုံတွေကို အရက်သောက်ဖို့ ဆွဲဆောင်တဲ့စာနဲ့ ဆိုရှယ်မီဒီယာပေါ် တင်တာဟာ ထိုင်းနိုင်ငံဥပဒေနဲ့ မညီပါဘူး။ ဆိုရှယ်မီဒီယာမှာ အရက်သောက်ဖို့ လှုံဆော်တာတွေလုပ်ရင်လည်း ဥပဒေချိုးဖောက်တာပဲဖြစ်ပါတယ်။ ဒဏ်ငွေ ငါးသိန်းကနေ ထောင်ဒဏ် ၁ နှစ်ထိရှိပါတယ်။

မဖွယ်မရာ

မဖွယ်မရာအကြောင်းအရာတွေ၊ အပြုအမူတွေကို အွန်လိုင်းမှာတင်ရင်လည်း ဥပဒေနဲ့ ငြိပါတယ်။ အပြစ်ကျူးလွန်သူအတွက် ပြစ်ဒဏ်ဟာ ငွေဒဏ် တစ်သိန်းကနေ ထောင်ဒဏ် ငါးနှစ်ထိ ရှိပါတယ်။

ဝတ်စားဆင်ယင်မှု

အဝတ်အစားဝတ်ဆင်တာလည်း ဟော့ဟော့ရမ်းရမ်းမဖြစ်သင့်ပါဘူး။ သင့်လျော်စွာ ဝတ်စား ဆင်ယင်သင့်ပါတယ်။

ရေပက်ခြင်း

ရေပက်ရင်းနဲ့ ဖြစ်တဲ့ ပြဿနာတွေဟာလည်း ဆုန်ခရမ်မှာ မနည်းပါဘူး။ အထူးသဖြင့် လူငယ်တွေကြားမှာ ပိုသတိထားရပါတယ်။ အသက်သေဆုံးမှုတွေထိ ရှိတာကြောင့် ဂရုစိုက်ဖို့လိုပါတယ်။
Ref : nationthailand

Share.
Leave A Reply

Exit mobile version