ပုံမှန်ထိုင်းလူမျိုးတွေစားတဲ့ မနက်စာရယ်လို့ သီးသန့်ပြောရတာခက်ပါတယ်။ တော်တော်များများက မနက်စာအဖြစ်စားတဲ့ အစားအသောက်တွေကို နေ့လယ်ဘက်ရော၊ ညဘက်မှာပါ စားကြပါတယ်။ ဝက်သားပြားကင်လို အကင်မျိုးကိုပါ မနက်ဘက်စားကြတာတွေ့ရပါတယ်။ ဒါပေမယ့် မနက်ပိုင်းအစားဆုံး အစားအစာတွေတော့ ရှိပါတယ်။

ဂျို့

ဆန်ကိုကြေသွားအောင် ပြုတ်ထားတဲ့ဆန်ပြုတ်မျိုးပါ။ တွဲဖက်စားတာတွေက စုံပါတယ်။ ဆားဘဲဥ၊ အီကြာကွေး၊ ဆေးဘဲဥ၊ကင်းမွန်ကင်၊ စတာတွေနဲ့ တွဲစားတတ်ကြပါတယ်။

ခေါင်တုန်

ဆန်ပြုတ်နောက်တစ်မျိုးပါပဲ။ ဆန်ကိုကြေသွားအောင်ချက်တဲ့ ဆန်ပြုတ်မျိုးမဟုတ်ပါဘူး။ ဆန်သက်သက်ချက်ထားပြီး အသားလုံး၊ နံရိုး၊ မှို စတဲ့ ပြုတ်ရည်တွေနဲ့ ရောပြီးစားတာပါ။ ခေါင်တုန်ကို ပုံစံအမျိုးမျိုးစားကြပြီး ပင်လယ်စာ၊ ပုဇွန်တို့နဲ့ပါ စားကြပါတယ်။

ကောက်ညှင်းပေါင်းနဲ့ အကြော်

ကောက်ညှင်းပေါင်းနဲ့ အကြော်လည်း အစားများပါတယ်။ တွဲဖက်စားတဲ့အကြော်က ဝက်သား၊ကြက်သားကို အတုံးလေးတွေတုံးပြီး အကြွပ်ကြော်ထားတာပါ။ စုံတဲ့ဆိုင်ဆို ဝက်သား၊ကြက်သားကိုမှ ပုံစံအမျိုးမျိုးနဲ့ စုံစုံလင်လင်လေး ကြော်ထားတာမျိုးရနိုင်ပါတယ်။

ထိုင်း ဝက်သားကင်

မနက်ခင်းမှာ ထိုင်းဝက်သားကင် လှည်းလေးတွေ၊ဆိုင်လေးတွေကို နေရာတော်တော်များများမှာ တွေ့ရမှာ။ ကောက်ညှင်းပေါင်းနဲ့လည်းတွဲပြီး ရောင်းတတ်ကြပါတယ်။

ထိုင်းအီကြာကွေး

အီကြာကွေးပါပဲ။ ဒါပေမယ့် ထိုင်းစတိုင်ပါ။ သေးသေးလေးတွေနဲ့ တစ်ခါတစ်လေ နှမ်းကပ်ထားတာလည်း တွေ့ရတတ်ပါတယ်။

ဒင်ဆမ်နဲ့ ပေါက်စီ

ဒင်ဆမ်နဲ့ပေါက်စီလည်း အစားများကြပါတယ်။ လမ်းဘေးဆိုင်လေးတွေမှာ ပေါက်စီနဲ့ ဝက်သားပေါင်းလောက်ပဲရှိတတ်ပေမယ့် ဆိုင်ကြီးတွေမှာ ဒင်ဆမ်အမျိုးအစား တော်တော်စုံစုံကို ရွေးလို့ရပါတယ်။

တုန်လဲ့မူ (ต้มเลือดหมู)

တုန်လဲ့မူ ဆိုတဲ့ အသံထွက်က မှန်ရဲ့လားတော့မသိပါဘူး။ တိုက်ရိုက်ဘာသာပြန်ရင်တော့ ဝက်သွေးဟင်းရည် လို့ ခေါ်ရမလားဘဲ။ ဝက်အသဲ၊ အူစုံနဲ့ ဝက်သွေးခဲတို့ ပါတဲ့ ဟင်းရည်ပါ။ မနက်ခင်းမှာ ထမင်းနဲ့ တွဲစားတတ်ကြပါတယ်။

Share.
Leave A Reply

Exit mobile version