မြန်မာနိုင်ငံက ထိုင်းစာရောင်းတဲ့စားသောက်ဆိုင်တွေမှာ ထိုင်းအနီရောင်ချက်လို့ မီနျူးထဲ ရေးထားတာတွေ့ရလေ့ရှိပါတယ်။ တချို့ဆိုင်တွေက မီနျူးထဲ ရေးထားပေမယ့်လည်း မှာလိုက်ရင် မရဘူးလို့ ပြောတာများပါတယ်။ ဒါပေမယ့် ထိုင်းစာသီးသန့်ရောင်းတဲ့ဆိုင်တွေနဲ့ တခြားစားသောက်ဆိုင်တွေက အနီရောင်ဟင်းဟာ အနံ့ရော၊အရသာရောပါ တော်တော်ကွာခြားပါတယ်။
ထိုင်းအနီရောင်ဟင်းကောင်းကောင်းတစ်ခွက်ဖြစ်ဖို့ သူ့မှာသုံးတဲ့ ပါဝင်ပစ္စည်းစစ်စစ်တွေရဖို့ လိုပါတယ်။
အနီရောင်ဟင်းရဲ့ အနှစ်ကိုလုပ်ဖို့ အဓိကဟာ ငရုတ်သီးအနီရောင်အခြောက်တောင့် ဖြစ်ပါတယ်။ ထိုင်းမှာ ဟိုးအရင်က ချက်ပြုတ်သူတွေဟာ ဒီဟင်းအတွက် ငရုတ်သီးအမျိုးပေါင်း ၂၀ လောက်ထိ သုံးခဲ့ကြတယ်လို့ သိရပါတယ်။ အနံ့၊အရောင်နဲ့ အစပ်အရသာဟာ ထူးခြားနေအောင် ငရုတ်သီးအခြောက်တောင့်အမျိုးမျိုးကို အသုံးပြုကြတာပါ။
နောက်ပိုင်းမှာတော့ အခြောက်တောင့်ကို ငရုတ်ဆုံနဲ့ ထောင်းတဲ့အစား ငရုတ်သီးမှုန့်ကိုလည်း အသုံးများလာကြပါတယ်။ ထိုင်းဟင်းတွေမှာ ပါလေ့ရှိတဲ့ နံနံပင်မြစ်၊ စပါးလင်၊ ထိုင်းဂျင်းတက်၊ ရှောက်ဘီလူးခွံနည်းနည်း၊ ပုဇွန်ငါးပိ၊ ကြက်သွန်တွေကို ငရုတ်သီးခြောက်တောင့်နဲ့ရောထောင်းပြီး ထိုင်းအနီရောင်းဟင်းအနှစ်ကို လုပ်ရပါတယ်။
ငရုတ်ကောင်းမှုန့်၊ ဇီယာစေ့မှုန့်၊တခြားကိုယ်နှစ်သက်ရာတွေနဲ့လည်း ထည့်သွင်းဖန်တီးကြပါတယ်။ အနှစ်ထောင်းတဲ့အခါ အနီရောင်ရဖို့ ငရုတ်သီးများဖို့တော့ လိုပါတယ်။
ထိုင်းမှာတော့ အသင့်လုပ်ပြီးသားအနီရောင်းဟင်းအနှစ်ကို နေရာတော်တော်များမှာ အလွယ်တကူဝယ်လို့ရပါတယ်။ ဈေးတွေထဲမှာ အသင့်လုပ်ပြီးသားရောင်းတဲ့ဆိုင်လေးတွေလည်းရှိပါတယ်။ 7 Eleven လို စတိုးဆိုင်တွေမှာလည်း ဝယ်လို့ရနိုင်ပါတယ်။
အနီရောင်ဟင်းအနှစ်နည်းနည်းလောက်ဝယ်ထားပြီး ရေခဲသေတ္တာထဲသိမ်းထား၊ ပြီးမှ ကိုယ့်မှာရှိတဲ့ ကြက်သား၊ ဝက်သား၊ ပုဇွန်၊ ဟင်းသီးဟင်းရွက် တစ်ခုခုနဲ့ အဆင်ပြေသလိုရောပြီး အမြန်ဟင်းလေးတစ်ခွက်ချက်လို့ရပါတယ်။