ဘန်ကောက်အိမ်ခြံမြေစျေးကွက်မှာ နိုင်ငံခြားသားတွေရဲ့ ကွန်ဒိုအသစ်ဝယ်ယူမှုဟာ သိသိသာသာ မြင့်တက်လာတယ်လို့ စစ်တမ်းတစ်ခုက ဆိုပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း ဘန်ကောက်မှာ ရောင်းချနိုင်ခဲ့တဲ့ ကွန်ဒိုအသစ်တွေရဲ့ ၁၈% ဟာ နိုင်ငံခြားသားတွေ ဝယ်ယူခဲ့တာဖြစ်ပြီး ဒါဟာ ကမ္ဘာ့ကပ်ရောဂါအကြိုကာလ ဝယ်ယူမှုပုံစံတွေဆီ ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပြည်တွင်းဝယ်လိုအားကတော့ သိသိသာသာ ကျဆင်းနေတာကို တွေ့ရပါတယ်။

စစ်တမ်းအရ နိုင်ငံခြားသားတွေ အများဆုံးဝယ်ယူတဲ့ နေရာတွေရှိပါတယ်။ Ratchada-Lat Phrao နဲ့ Bang Na-Thepharak ဧရိယာတွေမှာ ရောင်းရတဲ့ ကွန်ဒိုတွေရဲ့ အများစုကို တရုတ်နဲ့ မြန်မာဝယ်လက်တွေက ဝယ်ယူခဲ့ကြပါတယ်။ အထူးသဖြင့် Ratchada-Lat Phrao မှာ ရောင်းရတဲ့ ကွန်ဒိုအားလုံးရဲ့ ၆၇.၉% ကို နိုင်ငံခြားသားတွေက ဝယ်ယူခဲ့ကြပြီး အဲဒီအထဲမှာ တရုတ်နဲ့ မြန်မာဝယ်လက်တွေက အများဆုံးဖြစ်ပါတယ်။

အိမ်ခြံမြေရေးရာအေဂျင်စီရဲ့ ဥက္ကဋ္ဌ Sopon ကတော့ နိုင်ငံခြားသားတွေ အဝယ်များလာတာက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အတွက် ကောင်းပေမဲ့ ပြည်တွင်းဝယ်လက်တွေကို ကာကွယ်ဖို့အတွက် ဥပဒေအသစ်တွေ ထုတ်ပြန်သင့်တယ်လို့ အကြံပြုထားပါတယ်။ သူက နိုင်ငံခြားသားတွေအတွက် အိမ်စျေးနှုန်း အနည်းဆုံး သတ်မှတ်ဖို့နဲ့ ဒုတိယလက်ရှိ အိမ်ခြံမြေတွေကို နိုင်ငံခြားသားတွေဆီ ရောင်းချတာ ပိတ်ပင်ဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။

ဒီလို နိုင်ငံခြားသားတွေရဲ့ ဝယ်ယူမှုဟာ ဘန်ကောက်ရဲ့ အိမ်ခြံမြေစျေးကွက်အပေါ် သက်ရောက်မှုရှိပေမဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးတစ်ခုလုံးအပေါ်မှာတော့ အကန့်အသတ်နဲ့သာ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ စီးပွားရေးတိုးတက်ဖို့အတွက် လူနေအိမ်ခြံမြေကဏ္ဍထက် စက်မှုဇုန်တွေနဲ့ စီးပွားရေးလုပ်ငန်းသုံး အိမ်ခြံမြေတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီး အားပေးသင့်ကြောင်း Sopon က အကြံပြုခဲ့ပါတယ်။ဒါ့အပြင် တိုးတက်ပြီးဖြစ်တဲ့ အခြားနိုင်ငံအများအပြားမှာ ကျင့်သုံးနေသလို နိုင်ငံခြားဝယ်ယူသူတွေအပေါ် အခွန်အမျိုးမျိုးကောက်ခံပြီး ဝင်ငွေရရှိဖို့လည်း သူက အကြံပြုခဲ့ပါတယ်။

သတင်း – The Nation 

Share.
Leave A Reply

Exit mobile version