ပတ္တရားမှာ ကင်းလှည့်မှုများ တိုးမြှင့်သွားမည်

ပတ္တရားမှာ မြန်မာအလုပ်သမားတွေ ခိုက်ရန်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ မနက် ၃ နာရီ ၄၀ မိနစ်လောက်က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပြီး ဒေသခံတွေကြား စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းက Soi VC လမ်းထဲမှာ မြန်မာအလုပ်သမားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။ အဆိုပါဖြစ်ရပ်ကြောင့် အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဆေးရုံတင်ထားရပြီး သူနဲ့အတူ အရက်သောက်ခဲ့တဲ့ အပေါင်းအသင်းတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တာလို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။

လက်ရှိမှာ ရဲတပ်ဖွဲ့ဟာ သက်သေအဖြစ် အသုံးပြုဖို့ CCTV မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးနေပြီး သံသယရှိသူတွေကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒဏ်ရာရရှိထားတဲ့ အမျိုးသားရဲ့ အခြေအနေတည်ငြိမ်လာတာနဲ့တစ်ပြိုင်နက် ဘာသာပြန်တစ်ဦးရဲ့အကူအညီနဲ့ စစ်ဆေးမေးမြန်းပြီး ဖြစ်စဉ်အသေးစိတ်ကို ဖော်ထုတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီဖြစ်ရပ်ဟာ အလုပ်သမားတွေအချင်းချင်း အတွင်းပိုင်းပြဿနာသာဖြစ်ပြီး လူထုအတွက် ခြိမ်းခြောက်မှုမဟုတ်ဘူးလို့ ရဲတပ်ဖွဲ့က ဆိုပေမဲ့ ဒီလို အကြမ်းဖက်မှုမျိုးကို လက်ခံမှာမဟုတ်ကြောင်းနဲ့ လုံခြုံရေးအတွက် ကင်းလှည့်မှုတွေ ပိုလုပ်သွားမယ်လို့ ပြောကြားခဲ့ကြောင်း Thaiger သတင်းမှာ ဖော်ပြထားပါတယ် ။ 

Share.
Leave A Reply

Exit mobile version