ထိုင်းနိုင်ငံရဲ့ နှစ်သစ်ကူးကာလ “အန္တရာယ်ရှိသော ၇ ရက်” စောင့်ကြည့်ရေး အစီအစဉ် ပထမဆုံးနေ့မှာတင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယာဉ်တိုက်မှုပေါင်း ၁၉၈ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေကြောင့် ၂၉ ဦး သေဆုံးခဲ့ရပြီး ၁၉၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျော့ပါးရေးဌာန က ထုတ်ပြန်လိုက်ပါတယ်။
စာရင်းဇယားတွေအရ ချင်းရိုင်နဲ့ ဖူးခက် ပြည်နယ်တွေဟာ ယာဉ်တိုက်မှု ၁၂ ကြိမ်စီနဲ့ အများဆုံးဖြစ်ပွားခဲ့တဲ့ ဒေသတွေ ဖြစ်လာပါတယ်။ အသက်ဆုံးရှုံးမှု အများဆုံးကတော့ ဘန်ကောက်မြို့ ဖြစ်ပြီး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူ ၂၉ ဦးထဲမှာ ၁၇ ဦးကတော့ အခင်းဖြစ်နေရာမှာတင် ပွဲချင်းပြီး ဆုံးပါးသွားခဲ့ရတာပါ။ ယာဉ်တိုက်မှု ဖြစ်ရတဲ့ အဓိက အကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင် အရှိန်ပြင်းစွာ မောင်းနှင်ခြင်း ၈၃ ကြိမ်၊ မူးယစ်မောင်းနှင်ခြင်း ၄၀ ကြိမ် နဲ့ လမ်းဖြတ်ကျော်စဉ် ဂရုမစိုက်ခြင်း ၃၇ ကြိမ်တို့ ဖြစ်ပါတယ်။ ယာဉ်အမျိုးအစား အလိုက် ကြည့်မယ်ဆိုရင် ဆိုင်ကယ်က ၇၁% ကျော်နဲ့ အန္တရာယ်အများဆုံးယာဉ်အဖြစ် ထိပ်ဆုံးက ရှိနေဆဲ ဖြစ်ကြောင်း khaosod သတင်းက ဖော်ပြပါတယ်။
အခုနှစ်မှာတော့ ရဲတပ်ဖွဲ့က ခေတ်မီနည်းပညာတွေကို ထည့်သွင်းအသုံးပြုနေပါတယ်။ လမ်းကြောင်း အခြေအနေတွေကို ဒရုန်းတွေသုံးပြီး အချိန်နဲ့ တပြေးညီ ကြည့်ရှုနေသလို Police TV ကနေလည်း တိုက်ရိုက်ထုတ်လွှင့် ပြသပေးနေပါတယ်။ ဒါ့အပြင် လမ်းပြင်နေတဲ့ နေရာပေါင်း ၃၀၀ ကျော်ကို ခေတ္တရပ်နားခိုင်းပြီး လမ်းပြန်ဖွင့်ပေးထားတယ်လို့ သိသိရပါတယ်။ အဓိက စစ်ဆေးချက်တွေအနေနဲ့ အရှိန်လွန်မောင်းတာ၊ မူးယစ်မောင်းတာ၊ ဦးထုပ်မဆောင်းတာ ၊ ခါးပတ်မပတ်တာနဲ့ လမ်းပြောင်းပြန်မောင်းတာတွေကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ အသိပေးထားပါတယ်။
နှစ်သစ်ကူးကာလအတွင်း စုစုပေါင်း အမှုဖွင့်အရေးယူမှုတွေထဲ မူးယစ် မောင်းနှင်မှု ၂၇၃ မှု၊ ပေါ့ဆစွာ မောင်းနှင်မှု ၄ မှု နဲ့ မူးယစ်ဆေးဝါး သုံးစွဲပြီး မောင်းနှင်မှု ၄၄ မှုထိ ရှိခဲ့တယ်လို့ သိရပါတယ်။၂၀၂၆ နှစ်သစ်ကူးကာလ မူးယစ် မောင်းနှင်မှုဟာ ၂၀၂၅ ခုနှစ် နှစ်သစ်ကူးကာလနဲ့ နှိုင်းယှဉ်ကြည့်ပါက ၇၁ မှု လျော့နည်းသွားတယ်လို့ ဆိုပါတယ်။