ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းရ

ဒီကနေ့ စက်တင်ဘာ ၂၄ ရက် မနက် ၇ နာရီလောက်မှာ ဘန်ကောက်မြို့၊ ဒုစစ်ခရိုင်က ဆန်ဆင်လမ်းပေါ်မှာ မြေပြိုကျမှုကြီးတစ်ခု ဖြစ်ပွါးခဲ့တာကြောင့် လမ်းမကြီးကို ပိတ်ခဲ့ရပြီး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားတယ်လို့ သိရပါတယ်။

ဗာဂျီရာဆေးရုံရှေ့က လမ်းမကြီး ရုတ်တရက်ပြိုကျပြီး အကျယ် ၃၀ မီတာ၊ အနက် မီတာ ၅၀ လောက်ရှိတဲ့ တွင်းကြီးတစ်ခု ဖြစ်သွားခဲ့တာပါ။ ဒီတွင်းဟာ တဖြည်းဖြည်းကျယ်လာပြီး ဆေးရုံနဲ့ နီးနီးလေးမှာရှိတဲ့ ဆန်ဆင်ရဲစခန်းဘက်အထိ ရောက်လာပါတယ်။ ဒီဖြစ်စဉ်ကြောင့် လျှပ်စစ်မီးတိုင်နှစ်တိုင်နဲ့ ရဲစခန်းက တွဲကားတစ်စီးပါ တွင်းထဲ ပြုတ်ကျသွားခဲ့ပါတယ်။ ကံကောင်းစွာပဲ ထိခိုက်ဒဏ်ရာရသူ မရှိသလို ယခုထိ ထိခိုက်ဒဏ်ရာ သတင်းပေးပို့သူ မရှိသေးဘူးလို့ ရဲတွေက ပြောပါတယ်။ 

မြေပြိုကျတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ဆေးရုံက လူနာတွေနဲ့ အနီးအနားက တိုက်ခန်းတွေမှာ နေထိုင်သူတွေကို ဘေးလွတ်ရာကို ချက်ချင်းရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် လမ်းပိတ်လိုက်တာကြောင့် ဆန်ဆင်လမ်းတစ်လျှောက်နဲ့ ခရွန်ထွန်တံတားအပေါ်မှာပါ ကီလိုမီတာပေါင်းများစွာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ဟာ ဆေးရုံရှေ့မှာ တည်ဆောက်နေတဲ့ MRT ဗာဂျီရာဘူတာရုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်နားမှာ ဖြစ်ပွားခဲ့တာပါ။မြို့တော်အုပ်ချုပ်ရေးအဖွဲ့နဲ့ တခြားသက်ဆိုင်ရာဌာနတွေက အခြေအနေကို ထိန်းချုပ်ပြီး ပိတ်ဆို့နေတဲ့ ယာဉ်ကြောတွေကို အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့ အရေးပေါ်ဆောင်ရွက်နေကြတယ်လို့ The nation သတင်းအရ သိရပါတယ်။ 

Share.
Leave A Reply

Exit mobile version