ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ နိုင်ငံခြားသား အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အစည်းအဝေးတစ်ရပ်ကို ဒီကနေ့ ထိုင်းအလုပ်သမားဝန်ကြီးဦးဆောင်ကျင်းပခဲ့ပါတယ်။ နိုင်ငံခြားသားလုပ်သားတွေနဲ့ ပတ်သက်တဲ့ အဓိကလုပ်ငန်းစဉ် ၃ ရပ် ကို ဒီကနေ့မှာ အတည်ပြုလိုက်ပါတယ်။ ဒီအချက်တွေက မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား လုပ်သားတွေနဲ့ အလုပ်ရှင်တွေအတွက် အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။
အစည်းအဝေးက ချမှတ်လိုက်တဲ့ လုပ်ငန်းစဉ် သုံးခု
၁။ စာရွက်စာတမ်းမပြည့်စုံသူတွေကို ၁ နှစ် ခွင့်ပြုချက်
နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် သက်တမ်းကုန်နေသူတွေ နဲ့ အထောက်အထားမရှိဘဲ နိုင်ငံတွင်း ရောက်ရှိနေထိုင်သူတွေကို အလုပ်လုပ်ခွင့် တစ်နှစ်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် တရားဝင် ကြေညာချက်မတိုင်မီ နိုင်ငံတွင်း ရောက်နေပြီးသား ဖြစ်ရပါမယ်။ ဒီထဲမှာ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံသားတွေ ပါဝင်ပါတယ်။
၂။ Work Permit သက်တမ်း ၁ နှစ် ထပ်တိုး
၂၀၂၆ ၊ မတ်လ ၃၁ ရက်နဲ့ ဖေဖော်ဝါရီလ ၁၃ ရက်တို့မှာ သက်တမ်းကုန်ဆုံးတော့မယ့် လက်ရှိ Work Permit ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသားလုပ်သားတွေအတွက် နောက်ထပ် ၁ နှစ် ဆက်ပြီး တရားဝင် နေထိုင် အလုပ်လုပ်ခွင့်ရပါမယ်။ အလုပ်လုပ်ခွင့်သက်တမ်း မကုန်ဆုံးခင် သက်တမ်းတိုးလျှောက်လွှာနဲ့ စာရွက်စာတမ်းတွေကို တင်ပြရပါမယ်။
၃။ အလုပ်ရှင်တွေအတွက် အာမခံကြေး လျှော့ချ
နိုင်ငံခြားသားလုပ်သား ခေါ်ယူတဲ့ အလုပ်ရှင်တွေအနေနဲ့ ပေးသွင်းရတဲ့ အာမခံကြေးကိုလည်း လျှော့ချလိုက်ပြီး လုပ်သား ၁ ယောက်ကို ဘတ် ၁,၀၀၀ ပဲ ပေးရတော့မှာဖြစ်ပါတယ်။ဒါကလည်း အများဆုံး ဘတ်တစ်သိန်းထိသာ ပေးရမှာပါ။ ဒါက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကုန်ကျစရိတ်ကို သက်သာစေဖို့ ရည်ရွယ်ပါတယ်။
ဒီလုပ်ငန်းစဉ်တွေကို အလုပ်အကိုင်ရှာဖွေဦးစီးဌာနက ပြန်လည်စိစစ်ကာ၊ အစိုးရအဖွဲ့ (ကက်ဘိနက်)က တရားဝင်အတည်ပြုပြီး သက်ဆိုင်ရာဌာနတွေက ကြေညာချက်တွေ ထွက်လာမှသာ တကယ်အသက်ဝင်မှာ ဖြစ်ပါတယ်။