ပွဲစားခ ၁၆,၀၀၀ အထိ ပေးခဲ့ရ 

ကန်ချနာပူရီပြည်နယ်၊ သောင်ဖာပွန် သုံးလမ်းဆုံစစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာ ၇ ရက်နေ့၊ နံနက်ပိုင်းက တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာအလုပ်သမား ၁၁ ဦး ကို တင်ဆောင်လာတဲ့ သံသယရှိ ဗင်ကားတစ်စီးကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ အာဏာပိုင်တွေက သတင်းကြိုရတာကြောင့် စံခလပူရီ-ကန်ချနာပူရီ လမ်းမပေါ်မှာ စစ်ဆေးရေးဂိတ် ချထားရာမှ စန်ခလပူရီဘက်က မောင်းလာတဲ့ ဗင်ကားတစ်စီးကို တွေ့ရှိခဲ့တာကြောင့် ရပ်တန့်စစ်ဆေးခဲ့တာပါ။

စစ်ဆေးရာမှာ ယာဉ်မောင်းဖြစ်သူဟာ နခွန်ပထုန်က အသက် ၃၃ နှစ်အရွယ် မစ္စတာ ပရာဆစ် ဖြစ်ပြီး ကားပေါ်မှာ မြန်မာအလုပ်သမား အမျိုးသား ၇ ဦး ၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၁ ဦးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ယာဉ်မောင်းရဲ့ ထွက်ဆိုချက်အရ အလုပ်သမားတွေကို စန်ခလပူရီဒေသကနေ ကန်ချနာပူရီမြို့နယ်မှာ ချိန်းထားတဲ့နေရာကို ပို့ဆောင်ပေးဖို့ ဖြစ်ပြီး နောက်ထပ်လူတစ်ဦးက လာရောက်ခေါ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားတွေကို စစ်ဆေးရာမှာတော့ မွေးစာရင်းမိတ္တူ၊ CI စာရွက်စာတမ်းမိတ္တူ နဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်အရ လုပ်ငန်းလုပ်ကိုင်ခွင့် မိတ္တူတို့ ပါဝင်ပေမယ့် အားလုံးက သက်တမ်းကုန်ဆုံးနေပြီ ဆိုပါတယ်။ မြန်မာအလုပ်သမားတွေရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ စမွတ်စာခွန်နဲ့ စမွတ်ဆုန်ခရန်လို ပြည်တွင်းခရိုင်တွေမှာ အလုပ်လုပ်ဖို့အတွက် ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၅,၀၀၀ ကနေ ၁၆,၀၀၀ အထိ ပေးခဲ့ရတယ် လို့ သိရပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား ၁၁ ဦး ကို တရားမဝင် ဝင်ရောက်မှု စွဲချက်နဲ့ တရားစွဲဆိုဖို့ လူဝင်မှုကြီးကြပ်ရေး ရဲဌာနကို လွှဲပြောင်းပေးပို့ထားပြီး ယာဉ်မောင်း မစ္စတာ ပရာဆစ် ကိုတော့ နိုင်ငံခြားသားများကိ ဖမ်းဆီးခံရခြင်းမှ ကူညီမှု စွဲချက်နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ဒီလုပ်ငန်းစဉ်နောက်ကွယ်က ကွန်ရက်ကို ဖော်ထုတ်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ MGR သတင်းအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version