လှေငယ်တွေအားလုံး ကမ်းကပ်ထားရမည်

ထိုင်းနိုင်ငံ အထက်ပိုင်းဒေသတွေမှာ ဒီရက်ပိုင်းအတွင်း မိုးတွေ သည်းထန်စွာ ရွာသွန်းဦးမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် အခုလက်ရှိ ကမ္ဘောဒီးယားနိုင်ငံဘက်မှာ အင်အားပျော့သွားတဲ့ ကယ်လ်မယ်ဂီ (Kalmaegi) အပူပိုင်းမုန်တိုင်း ဝင်ရောက်လာမှုရဲ့ သက်ရောက်မှုကြောင့်ပါ။

ထိုင်းမိုးလေဝသဌာန (TMD) ရဲ့ သတင်းထုတ်ပြန်ချက်အရ မူလက တိုင်ဖွန်းမုန်တိုင်းဖြစ်ခဲ့တဲ့ ကယ်လ်မယ်ဂီဟာ လက်ရှိမှာ  အပူပိုင်းမုန်တိုင်းအဆင့်ကို ရောက်နေပြီး အူဘွန်ရတ်ချာဌာနီ ၊ ခေါင်ချီယမ်မြို့ရဲ့ အရှေ့တောင်ဘက် ၁၂၀ ကီလိုမီတာ လောက်အကွာမှာ ရှိနေပါတယ်။ ဒီမုန်တိုင်းဟာ ဒီကနေ့ နိုဝင်ဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းမှာ အူဘွန်ရတ်ချာဌာနီကို ဝင်ရောက်လာဖို့ ခန့်မှန်းထားတာကြောင့် ဒေသခံတွေအနေနဲ့ အထူးသတိထားကြဖို့ အသိပေးထားပါတယ်။

ကယ်လ်မေ့ဂီရဲ့ အရှိန်ကြောင့် နိုဝင်ဘာ ၇ ရက်ကနေ ၉ ရက်နေ့ အတွင်း အရှေ့မြောက်ပိုင်းဒေသမှ စတင်ကာ အရှေ့ပိုင်း၊ အလယ်ပိုင်း၊ မြောက်ပိုင်း ဒေသတွေအထိ မိုးကြီးနိုင်ပြီး မိုးအလွန် သည်းထန်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ တောင်ကုန်းနားတွေ၊ ရေလွတ်မြေနိမ့်ပိုင်းတွေနဲ့ ရေစီးကြောင်းအနီး နေထိုင်သူတွေ အထူးဂရုစိုက်ဖို့ နဲ့ တောင်သူလယ်သမားတွေ အနေနဲ့လည်း သီးနှံတွေ ပျက်စီးမှုမရှိအောင် ကြိုတင်ပြင်ဆင်ထားဖို့ အသိပေးထားပါတယ်။

အန်ဒမန်ပင်လယ်မှာ လေတိုက်နှုန်း အသင့်အတင့်ကနေ အားကောင်းနိုင်ပြီး လှိုင်းအမြင့် ၂ မီတာကနေ ၃ မီတာ အထိ ရှိနိုင်ပါတယ်။ မိုးကြိုးမုန်တိုင်းတွေ ဖြစ်ပေါ်နေချိန်မှာဆိုရင် လှိုင်းဟာ ၃ မီတာအထက်ထိ မြင့်တက်နိုင်ပါတယ်။ လှေငယ်တွေအားလုံးကိုတော့ နိုဝင်ဘာ ၇ ရက်နေ့အထိ ကမ်းမှာပဲ လုံးဝ ရပ်နားထားဖို့ မိုးလေဝသဌာနက အထူးသတိပေးထားပါတယ်။ 

သတင်း – TheNation

Share.
Leave A Reply

Exit mobile version