ညပိုင်း စားသောက်ဆိုင်လုပ်ငန်းအသင်းက ခေတ်မမီတော့တဲ့ ဖျော်ဖြေရေးဇုန်သတ်မှတ်ချက်တွေကို ချက်ချင်းပြင်ဆင်ဖို့နဲ့ နေ့လယ်ပိုင်း အရက်ရောင်းချမှု ပိတ်ပင်ထားတာကို အပြီးတိုင် ရုပ်သိမ်းဖို့ ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ် ။အစိုးရအနေနဲ့ နေ့လယ် ၂ နာရီကနေ ၅ နာရီအထိ အရက်ရောင်းချမှု ပိတ်ပင်ချက် ကို ဒီဇင်ဘာ ၂ ရက်နေ့ကစပြီး ရက် ၁၈၀ စမ်းသပ်ကာလ အတွက် ယာယီ ရုပ်သိမ်းပေးခဲ့တာပါ။ 

ညပိုင်း စားသောက်ဆိုင်လုပ်ငန်းအသင်းဝင် မစ္စတာရဝတ်ခွန်ချပ်က လုပ်ငန်းရှင်တွေအတွက် ဥပဒေကို ပြန်ပြင်ရာမှာ အဓိက အချက်နှစ်ချက်ကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ဆိုပါတယ်။

ဇုန်စည်းမျဉ်းများ ပြန်လည်ပြင်ဆင်ရေး

  • လက်ရှိဇုန်တွေက အရမ်းတင်းကျပ်ပြီး လက်ရှိမှာ ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်၊ ချွန်ဘူရီနဲ့ ကော့စမွေ စတဲ့ ခရီးသွားဇုန် ၅ ခုမှာပဲ နံနက် ၄ နာရီအထိ ဖွင့်ခွင့်ရတာ ဖြစ်ပါတယ်။ ခေါငက်စန်လမ်းလို ခရီးသွားဆွဲဆောင်ရာနေရာတွေပါ အကျုံးမဝင်တာကြောင့် ညသန်းခေါင်မှာ ပိတ်ရ တဲ့ အခြေအနေတွေ ရှိနေတယ်လို့ ဆိုပါတယ်။

လိုင်စင်ရယူမှု လွယ်ကူစေရေး

  • ဖျော်ဖြေရေးနေရာလိုင်စင် ရဖို့ ခက်ခဲလွန်းတာကြောင့် လုပ်ငန်းငယ်တွေပါ ညဘက်ဖျော်ဖြေရေးလောကထဲ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်အောင် လုပ်ငန်းစဉ်ကို ဖြေလျှော့ပေးဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

စားသောက်ဆိုင်လုပ်ငန်းကလပ်မှ မစ္စတာသောရာကလည်း နေ့လယ်ပိုင်း အရက်ရောင်းချမှု တားမြစ်ချက်ကို လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် အမြဲတမ်း ရုပ်သိမ်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဇုန်စည်းမျဉ်းနဲ့ပတ်သက်ပြီး လက်ရှိ ခေတ်မမီတော့တဲ့ စည်းမျဉ်းတွေအစား ဇုန်ကို လုံးဝ ဖျက်သိမ်းပစ်ဖို့ ဒါမှမဟုတ် ခရီးသွားလာရေးနဲ့ ကိုက်ညီအောင် ဧရိယာတွေကို ချဲ့ထွင်ဖို့ သူက အကြံပြုပါတယ်။

အရက်မူးပြီး ကားမောင်းခြင်း စိုးရိမ်မှု ကိုတော့ လမ်းအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းတွေကို ပိုတင်းကြပ်စွာ အရေးယူဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း Bangkok post သတင်းမှာ ဖော်ပြထားပါတယ်။ 

Share.
Leave A Reply

Exit mobile version