အလုပ်သမားဝန်ကြီး ထရီနုချ်သီယန်ထောင် က တောင်ပိုင်းဒေသ ရေဘေးသင့်ပြည်နယ် ၉ ခုက အလုပ်ရှင်နဲ့ အာမခံထားတဲ့ လုပ်သားတွေကို ကူညီဖို့အတွက် လူမှုဖူလုံရေးရုံး(SSO) ကို အရေးပေါ် အစီအမံတွေ ထပ်လုပ်ဖို့ တွန်းအားပေးလိုက်ပါတယ်။အဓိကကတော့ SSO အနေနဲ့ အစိုးရအဖွဲ့ ဆီကို အရေးပေါ် အစီအမံတစ်ခု တင်ပြခဲ့ပြီး ရေဘေးသင့်ဒေသက လုပ်သားတွေနဲ့ အလုပ်ရှင်တွေအတွက် လူမှုဖူလုံရေး ပေးသွင်းငွေ နှုန်းထားတွေကို ၆ လတာ လျှော့ချပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အဓိကအပြောင်းအလဲကတော့ ပုဒ်မ ၃၃အရ အလုပ်ရှင်နဲ့ လူမှုဖူလုံရေးအာမခံထားသူတွေဟာ မူလက အလုပ်ရှင် နဲ့ အလုပ်သမား တစ်ဖက် ၅% ထည့်ဝင်ရတာကနေ ၃% သာ လျှော့ချ ပေးသွင်းရမှာ ဖြစ်ပါတယ်။ ပုဒ်မ ၃၉ အရ ကိုယ်တိုင် အာမခံထားသူတွေအနေနဲ့လည်း မူလက ၉% (တစ်လ ၄၃၂ ဘတ်) ကို လျှော့ချပြီး ၅.၉၀% (တစ်လ ၂၈၃ ဘတ်)သာ ပေးသွင်းရမှာ ဖြစ်ပါတယ်။ဒီလျှော့ချမှုဟာ ၂၀၂၅ ဒီဇင်ဘာ လအတွက် ပေးသွင်းရမယ့် ငွေကစပြီး ၂၀၂၆ မေလ အထိ စုစုပေါင်း ၆ လကြာ ခံစားရမှာ ဖြစ်ပါတယ်။

လူမှုဖူလုံရေးရုံး အတွင်းဝန်ရဲ့ ပြောကြားချက်အရ ဒီအစီအမံဟာ ရေဘေးဒဏ်ကြောင့် စီးပွားရေးလုပ်ငန်းတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးပြီး အလုပ်အကိုင်တွေ ဆက်ရှိနေစေဖို့ ရည်ရွယ်ပါတယ်။ ဒါ့အပြင် အာမခံထားသူတွေရဲ့ ကုန်ကျစရိတ်ကို သက်သာစေပြီး လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေ မဆုံးရှုံးဘဲ စနစ်ထဲမှာ ဆက်ရှိနေစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီအမံကို လူမှုဖူလုံရေးဘုတ်အဖွဲ့က ဒီဇင်ဘာ ၉ ရက်နေ့မှာ အတည်ပြုပြီးပေမယ့် လက်ရှိမှာ အမြန်ဆုံး အသက်ဝင်လာနိုင်ဖို့အတွက် အစိုးရအဖွဲ့ကို တင်ပြဖို့ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရပြီးလို့ အတည်ပြုပြီးတာနဲ့ အသေးစိတ်အချက်အလက်တွေကို အမြန်ဆုံးကြေငြာသွားမယ်လို့ လူမှုဖူလုံရေးရုံးက ထုတ်ပြန်ထားပါတယ်။ 

Share.
Leave A Reply

Exit mobile version