ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင်၊ ကော့ဖန်ငန်ဒေသမှာ အောက်တိုဘာ ၂၈ ရက်နေ့က စပိန်နိုင်ငံသားတွေပိုင်ဆိုင်ပြီး လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားတဲ့ ဟိုတယ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့ရာမှ ဟိုတယ်မှာ အလုပ်လုပ်ကိုင်နေကြသူ ၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူတွေထဲ ဟိုတယ်ကို လိုင်စင်မရှိပဲ လုပ်ကိုင်သူ ထိုင်းနိုင်ငံသား ၁ ဦး၊ ဟိုတယ်ပိုင်ရှင်ဖြစ်သူ စပိန်နိုင်ငံသား ၃ ဦးနဲ့ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ ဦး တို့ ပါဝင်ပါတယ်။
ဒီစစ်ဆေးမှုဟာ ဆူညံသံတွေကြောင့် ဒေသခံတွေတိုင်ကြားခဲ့ရာမှ စတင်ခဲ့တာဖြစ်ပြီး လိုင်စင်မရှိဘဲ ခိုးဝှက်ဖွင့်လှစ်ထားခြင်း၊ နိုင်ငံခြားသားများကို တရားမဝင် ငှားရမ်းအလုပ်ခိုင်းစေခြင်းနဲ့ လူစားထိုး (Nominee) လုပ်ငန်းဖြစ်နိုင်တယ်လို့ သံသယရှိတာကြောင့် ဝင်ရောက်စစ်ဆေးခဲ့တာပါ။ စစ်ဆင်ရေးအတွင်း ဟိုတယ်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေအပါအဝင် စုစုပေါင်း ၉ ဦး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံသား ဟိုတယ် လုပ်ငန်းရှင် ၁ ဦးကို လိုင်စင်မရှိဘဲ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခြင်းနဲ့ အရေးယူခဲ့ပြီး စပိန်နိုင်ငံသား ၃ ဦးကိုတော့ တရားမဝင် နိုင်ငံခြားသား ငှားရမ်းခန့်အပ်ခြင်း၊ အလုပ်လုပ်ကိုင် ခွင့်မရှိဘဲ လုပ်ငန်းလုပ်ကိုင်ခြင်းနဲ့ လုပ်ငန်းအချက်အလက်တွေကို အာဏာပိုင်ထံ အကြောင်းကြားရန် ပျက်ကွက်ခြင်း စတဲ့ ပြစ်မှုတွေနဲ့ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံသား ၅ ဦးကိုတော့ အလုပ်လုပ်ခွင့်ပါမစ်ထဲကအလုပ်မဟုတ်ပဲ ကျော်လွန်လုပ်ကိုင်နေခြင်းနဲ့ အလုပ်ရှင်၊အလုပ်နေရာ ပြောင်းလဲမှုတွေကို မှတ်ပုံတင်အရာရှိထံ အချိန်မီ အကြောင်းကြားရန် ပျက်ကွက်ခြင်း စတာတွေနဲ့ စွဲချက်တင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေကို ဥပဒေအရ အရေးယူပြီး ကော့ဖန်ငန်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ MGR သတင်းအရ သိရပါတယ်။