၃၃ နှစ်အရွယ် ကိုရာဇာထွန်း အသက်ဆုံးရှုံး

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့က စိုင်မိုင် နယ်မြေရှိ ဆောက်လုပ်ရေးစခန်းမှာ မြန်မာနိုင်ငံသားတစ်ဦးကို ဓားနဲ့ထိုးပြီး သတ်ဖြတ်ခဲ့သူလို့ သံသယရှိတဲ့ ထိုင်းလူမျိုးတစ်ဦးကို ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူမှာ အသက် (၂၀) အရွယ်ရှိ မစ္စတာ တင်ကာပေါ့ (ခေါ်) အမ်ဆိုသူ ဖြစ်ပြီး သူဟာ ၃ ရက်တာကာလအတွင်း ဘန်ကောက်မြို့မှာ လုယက်ရန်ကြိုးပမ်းမှုတွေနဲ့ ဓားထိုးမှု စုစုပေါင်း ၄ မှုအထိ ဆက်တိုက်ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။ 

ဖြစ်စဉ်အရ အောက်တိုဘာလ ၂၂ ရက်နေ့၊ ညနေက အသက် ၃၃ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ကိုရာဇာထွန်းဟာ စိုင်မိုင်၊ ဖိမ်စင် (၃၀/၁) လမ်းသွယ်ရှိ ဆောက်လုပ်ရေးစခန်းမှာ ဓားထိုးခံရပြီး သေဆုံးနေတာကို တွေ့ရှိခဲ့တာပါ။ စုံစမ်းစစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်သူအမ် က ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး ရည်းစားအား ဖုန်းခေါ်မယ်လို့ လှည့်ဖျားကာ ကိုရာဇာထွန်းထံမှ ဖုန်းငှါးခဲ့တယ်လို့ ဆိုပါတယ်။ ဖုန်းရရှိပြီးနောက် ထွက်ပြေးဖို့ ကြိုးစားရာမှာ ကိုရာဇာထွန်းက ဖုန်းပြန်လုယူဖို့ ကြိုးစားခဲ့တာပါ။ ဒါကြောင့် အမ်က သူယူဆောင်လာတဲ့ ဓားရှည် (၃၂ စင်တီမီတာ) နဲ့ ရင်ဘတ်ကို ထိုးသွင်းခဲ့တာဖြစ်ပြီး အခုလိုသေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ 

အောက်တိုဘာလ ၂၃ ရက်နေ့၊ ည ၈:၃၀ အချိန်ခန့်မှာ  တော့ အမ် ကို ဘန်ကန်ခရိုင်၊ ဖဟွန်ယိုထင် (၅၂) လမ်းသွယ်ရှိ နေအိမ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့၏ စုံစမ်းမှုများအရ အမ် ရဲ့ ၃ ရက်တာ ပြစ်မှုမှတ်တမ်းမှာ ကိုရာဇာထွန်းကို သတ်ဖြတ်တာအပြင် ဘန်ကန်ရဲစခန်းနယ်မြေတွင် လုယက်ရန်ကြိုးပမ်းမှု ၂ မှု၊ဘန်ကန်ရဲစခန်းနယ်မြေတွင် အခြားသူတစ်ဦးအား ဓားဖြင့်ထိုးပြီး ပြင်းထန်ဒဏ်ရာရစေခဲ့တဲ့ အမှု ၁ မှု၊တို့ကိုပါ ဆက်တိုက်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ပြစ်မှုပေါင်းများစွာ ကျူးလွန်ခဲ့တဲ့ အမ် ကို ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူနိုင်ရန် စိုင်မိုင်ရဲစခန်းမှ ဆက်လက်စစ်ဆေးလျက်ရှိတယ်လို့ police news varieties ကထုတ်ပြန်ထားပါတယ်။

Share.
Leave A Reply

Exit mobile version