ချွန်ပူရီမြို့၊ ဂျက်လစင်ဟွေ့ပါကွန်ဒိုနားမှာ အောက်တိုဘာလ ၁၄ ရက်နေ့ မနက် ၆ နာရီခွဲလောက်က မတော်တဆ ကားတိုက်မှုတစ်ခု ဖြစ်ပွါးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် မြန်မာအလုပ်သမားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး နောက်ထပ် သုံးဦးလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဖြစ်စဉ်အတွင်း သေဆုံးသွားသူက ဘန်ဝ၊ ဒယ်အိုးစက်ရုံမှာ အလုပ်လုပ်နေတဲ့ ကိုစိုးလင်းဦး ဖြစ်ပြီး သူဟာ အလုပ်သွားဖို့ ကားစောင့်နေတုန်းမှာ အလုပ်သမားတွေကို လာကြိုတဲ့ နှစ်ထပ်မှန်လုံကားက အရှိန်လွန်ပြီး ဝင်တိုက်မိခဲ့တာပါ။ တိုက်တဲ့နေရာမှာပဲ ကိုစိုးလင်းဦးက အသက်ဆုံးရှုံးခဲ့ရပြီး သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် သုံးဦးကတော့ အကြီးအကျယ် ဒဏ်ရာရရှိခဲ့ကြပါတယ်။ ကားသမားဖြစ်သူဟာလည်း အဲ့ဒီအလုပ်ရုံမှာပဲ ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။ 

ဒီဖြစ်ရပ်အတွက် သေဆုံးသူ ကိုစိုးလင်းဦးရဲ့ အစ်ကို ဖြစ်သူက သေမှုသေခင်းကိစ္စတွေကို ဘယ်လို ဆောင်ရွက်ရမှန်း မသိတာကြောင့် WAG (မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့) ကို အကူအညီ တောင်းခံခဲ့တယ်လို့ သိရပါတယ်။ WAG အဖွဲ့ကလည်း ဒီနေ့ မွန်းလွဲ ၁၂ နာရီခွဲမှာ အမှုကို လက်ခံခဲ့ပြီး အခင်းဖြစ်ပွားရာနေရာကို သွားရောက်ကာ လိုအပ်တဲ့ ကူညီမှုတွေ ဆောင်ရွက်ပေးနေပြီ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

WAG အဖွဲ့က ကိုမုန်တိုင်းကို ဆက်သွယ်မေးမြန်းရာမှာတော့  “လက်ရှိတော့ ကျွန်တော်တို့ သွားနေတုန်းပါ။ သူတို့ဘယ်လိုတွေ ဆောင်ရွက်ပေးမယ်တော့မသိသေးဘူး။ တစ်ယောက်ကတော့ ဆုံးသွားတယ်။ ကျန်တဲ့သူတွေကိုတော့ ဆေးရုံတင်ထားရတယ်လို့ သိရတယ်။ ကားသမားကတော့ သူတို့အလုပ်ရုံက ကားသမားပဲ။ အဲ့မှာပဲ ရှိတယ်လို့ သိရပါတယ် ” လို့ ပြောပါတယ်။ 

လက်ရှိမှာတော့ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင်ပြီးဆေးစစ်ချက်ယူနေတယ်လို့ သိရပါတယ်။ 

Share.
Leave A Reply

Exit mobile version