ဘန်ကောက်မြို့၊ ဆုခုမ်ဗစ်လမ်းမပေါ်က ညကလပ်တွေနားမှာ အောက်တိုဘာလ ၁၄ ရက်နေ့ ညက နိုင်ငံခြားသား ဧည့်သည်တွေကို လျှပ်စစ်စီးကရက် လိုက်ရောင်းနေတဲ့ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူဟာ အသက် ၃၂ နှစ်အရွယ် ကိုဇင်မင်းထွန်းဆိုသူ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောပြချက်အရ ညကလပ်ဧရိယာတစ်ဝိုက်မှာ လှည့်ကင်းဆောင်ရွက်နေတုန်း ကိုဇင်မင်းထွန်းကို တွေ့ခဲ့တာပါ။ သူက Yamaha NMAX မော်တော်ဆိုင်ကယ်ကို ဦးထုပ်မဆောင်းဘဲ လမ်းပြောင်းပြန် မောင်းနှင်လာတာကြောင့် ရဲတွေက သတိထားမိပြီး ရပ်တန့်စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။ မသင်္ကာစရာတွေ တွေ့ရှိခဲ့တာကြောင့် ရှာဖွေကြည့်တဲ့အခါ လျှပ်စစ်စီးကရက် စုစုပေါင်း ၉၄ ချောင်းကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ 

ရဲတွေက စစ်ဆေးမေးမြန်းတဲ့အခါ ကိုဇင်မင်းထွန်းက အခုဖမ်းမိတဲ့ လျှပ်စစ်စီးကရက်တွေဟာ တီ ဆိုတဲ့သူဌေးဆီက ယူလာတာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ သူဟာ ဆုခုမ်ဗစ်တစ်ဝိုက်က နိုင်ငံခြားသားတွေကို တစ်ချောင်းကို ဘတ် ၂၅၀ ကနေ ၃၀၀ ကြားနဲ့ လိုက်ရောင်းပေးနေတာဖြစ်ပြီး တစ်ရက်ကို လုပ်အားခ ဘတ် ၄၀၀ ရရှိတယ်လို့ ပြောပါတယ်။

လက်ရှိမှာ ရဲတပ်ဖွဲ့ကတော့ သူ့ကို နိုင်ငံတော်အတွင်းကို အခွန်ဆောင်ပြီး မှန်မှန်ကန်ကန် မဝင်ရောက်သေးတဲ့ ကုန်ပစ္စည်းမှန်းသိလျက်နဲ့ ရောင်းချမှု နဲ့ အမှုဖွင့်ထားပါတယ်။ ရဲတွေအနေနဲ့ လျှပ်စစ်စီးကရက်တွေကို ဖြန့်ဖြူးခိုင်းစေခဲ့တဲ့ သူဌေးဖြစ်သူကိုပါ ဆက်လက်တိုးချဲ့ဖမ်းဆီးသွားဖို့ စီစဉ်နေတယ်လို့ Thairath သတင်းအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version