စမွတ်စာခွန်ခရိုင်၊ မြို့နယ်ဧရိယာအတွင်းမှာ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်းက ပူးပေါင်းအဖွဲ့တွေရဲ့ ဝင်ရောက်စစ်ဆေးမှုအတွင်း အထောက်အထားမပြည့်စုံဘဲ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမား ၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ပထမဆုံးအနေနဲ့ တာဆိုင်ရပ်ကွက်က ဆိုင်ခန်းတစ်ခုမှာ ဝက်သားတုတ်ထိုးနဲ့ စွပ်ပြုတ် ရောင်းချနေတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ စစ်ဆေးရာမှာ သူတို့နှစ်ဦးစလုံးမှာ အလုပ်လုပ်ခွင့်လိုင်စင်နဲ့ နိုင်ငံထဲမှာ နေထိုင်ခွင့် စာရွက်စာတမ်းရော တစ်ခုမှ မရှိတာကြောင့် နှစ်ခုစလုံးအတွက် ဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မဟာချိုင်းရပ်ကွက်က ဖျော်ရည်ဆိုင်တစ်ခုမှာတော့ ကမ္ဘောဒီးယားနိုင်ငံသူ ၁ ဦးက ပြည်သူတွေကို သစ်သီးဖျော်ရည်တွေ ရောင်းချနေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ ထိုင်းခင်ပွန်းနဲ့ အတူ လိုက်ပါနေထိုင်ခွင့်တော့ ရှိပေမဲ့ အလုပ်လုပ်ခွင့် လိုင်စင်မရှိဘဲ အလုပ်လုပ်နေတာကို တွေ့ရှိရတာကြောင့် ခုလိုဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဒီစစ်ဆေးရေးကို မြို့နယ်အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ စစ်ဘက်၊ အလုပ်သမားနဲ့ အလုပ်အကိုင်ရှာဖွေရေးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ဥပဒေချိုးဖောက်မှုတွေနဲ့ ထိုင်းလူမျိုးတွေရဲ့ အလုပ်အကိုင်ကို ကာကွယ်ဖို့အတွက် ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိသူ ၃ ဦးစလုံးကို ဥပဒေအရ အရေးယူဖို့အတွက် မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း ထိုင်းသတင်းတွေအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version