အလုပ်သမားတစ်ယောက်အနေနဲ့ ကိုယ့်အခွင့်အရေးတွေကို သိရှိနားလည်ထားဖို့က အရမ်းအရေးကြီးပါတယ်။ အလုပ်ချိန်၊ နားရက်နဲ့ ခွင့်ရက်တွေနဲ့ ပတ်သက်ပြီး ထိုင်းဥပဒေက ဘာတွေ သတ်မှတ်ထားလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
အလုပ်လုပ်ရမယ့်အချိန်
- အကြမ်းဖျဉ်းအားဖြင့် တစ်ရက်ကို ၈ နာရီ၊ တစ်ပတ်ကို ၄၈ နာရီ ထက် ပိုပြီး အလုပ်လုပ်ခိုင်းလို့ မရပါဘူး။ အန္တရာယ်ရှိတဲ့အလုပ်တွေဆိုရင်တော့ တစ်ရက်ကို ၇ နာရီ၊ တစ်ပတ်ကို ၄၂ နာရီထက် ပိုမလုပ်ရပါဘူး။ တကယ်လို့ ပုံမှန်အလုပ်လုပ်ရက်တွေမှာ ၈ နာရီထက်ပိုပြီး အလုပ်လုပ်ရမယ်ဆိုရင်တော့ အချိန်ပိုကြေး ပုံမှန်တစ်နေ့လုပ်ခရဲ့ တစ်ဆခွဲ ရခွင့်ရှိပါတယ်။
အလုပ်နားချိန်
- အလုပ်ရှင်က အလုပ်သမားတွေကို တစ်ဆက်တည်း အလုပ်လုပ်ပြီး ၅ နာရီအတွင်းမှာ အနည်းဆုံး ၁ နာရီ အနားယူခွင့် ပေးရပါမယ်။ အရေးပေါ်အခြေအနေ ဒါမှမဟုတ် အဆက်မပြတ်လုပ်ရတဲ့ အလုပ်မျိုး ဆိုရင်တော့ သဘောတူညီချက်နဲ့ နားချိန်ကို လျှော့ချနိုင်ပေမဲ့ တစ်ကြိမ်ကို မိနစ် ၂၀ အောက်နဲ့ တစ်ရက်ကို စုစုပေါင်း ၁ နာရီအောက် မဖြစ်စေရပါဘူး။
အပတ်စဉ် ရုံးပိတ်ရက်
- အလုပ်သမားတိုင်းဟာ တစ်ပတ်ကို အနည်းဆုံး ၁ ရက် ပိတ်ရက်ရရမှာဖြစ်ပြီး ပိတ်ရက်နှစ်ခုကြားကာလဟာ ၆ ရက်ထက် ပိုမရှည်ရပါဘူး။
- ပုံမှန်လုပ်ခလစာ ရတဲ့သူတွေက ဒီပိတ်ရက်အတွက်လည်း လုပ်ခလစာ အပြည့်အဝရရှိမှာပါ။
- အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဦးသဘောတူပြီး ဘယ်နေ့ကို ပိတ်ရက်အဖြစ် သတ်မှတ်မယ်ဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။
ရိုးရာပိတ်ရက်နှင့် နှစ်စဉ်ခွင့်ရက်
- ရိုးရာပိတ်ရက်အနေနဲ့ တစ်နှစ်ကို အနည်းဆုံး ၁၃ ရက် ပိတ်ရက်ပေးရပြီး အမျိုးသား အလုပ်သမားနေ့လည်း အဲဒီထဲမှာ ပါဝင်ပါတယ်။ အဲဒီပိတ်ရက်တွေဟာ အပတ်စဉ်ပိတ်ရက်နဲ့ တိုက်ဆိုင်ခဲ့ရင်တော့ နောက်တစ်ရက်ကို အစားထိုးပိတ်ရက် ပေးရပါတယ်။
- နှစ်စဉ်အားလပ်ရက်အနေနဲ့ အလုပ်စဝင်ပြီး တစ်နှစ်ပြည့်ပြီဆိုရင် အနည်းဆုံး ၆ ရက်ခွင့်ကို လုပ်ခလစာအပြည့်နဲ့ ယူပိုင်ခွင့်ရှိပါတယ်။
ဒါတွေက ပြဌာန်းထားတဲ့ ဥပဒေတွေဖြစ်ပြီး လုပ်ငန်းအမျိုးအစားနဲ့ အခြေအနေအလိုက် လက်တွေ့မှာတော့ ကွဲပြားတာတွေ ရှိနိုင်ကြပါတယ်။ ဒါပေမယ့် ပြဌာန်းထားတဲ့ အလုပ်သမားအခွင့်အရေးနဲ့ အကာအကွယ် ဥပဒေတွေကိုတော့ သိထားကြရမှာ ဖြစ်ပါတယ်။
Ref : MOL