ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနပူရီခရိုင်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီး သူတို့ကို ပို့ဆောင်ပေးတဲ့ မြန်မာယာဉ်မောင်းတစ်ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။
ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်းက စန်ကလဘူရီမြို့နယ် နမ်ကိခ်လုံခြုံရေးဂိတ်မှာ တာဝန်ရှိသူတွေက စစ်ဆေးနေတုန်း ဘုရားသုံးဆူဘက်ကနေ မောင်းလာတဲ့ ပစ်ကပ်ကားတစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ပါတယ်။ ကားမောင်းသူဟာ အသက် ၃၁ နှစ်အရွယ် ကိုစော လို့ခေါ်တဲ့ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ကားပေါ်မှာ ထိုင်းနိုင်ငံထဲ ဝင်ရောက်ဖို့ တရားဝင်စာရွက်စာတမ်းမရှိတဲ့ မြန်မာအမျိုးသား ၇ ဦးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ ကိုစောက လုပ်သားတွေကို တာကီယန်ထောင်ရေတံခွန်ကနေ သွားကြိုခဲ့တာဖြစ်ပြီး စန်ကလဘူရီမြို့ထဲကို ဘတ် ၂၀၀၀နဲ့ ပိုပေးဖို့ ဌားရမ်းခံခဲ့ရကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဖမ်းဆီးခံရသူ မြန်မာလုပ်သားတွေကတော့ ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်ရဖို့ လာခဲ့တာဖြစ်ပြီး ဘယ်နေရာ ရောက်ရှိမယ်ဆိုတာ မသိရှိဘဲ ပွဲစားခေါ်တာကို စောင့်ဆိုင်းနေတာဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ ကိုစောနဲ့ မြန်မာလုပ်သား ၇ ဦးကို တရားမဝင် ဝင်ရောက်မှု နဲ့ စွဲချက်တင်ပြီး စန်ကလဘူရီရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
သတင်း – ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี