ထိုင်းနိုင်ငံရဲ့ အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် မြန်မာနိုင်ငံသားတွေဟာ အဓိက အင်အားစုအဖြစ် ရှိနေကြောင်း စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။ နယ်စပ်အရေးအခင်းကြောင့် ကမ္ဘောဒီးယားလုပ်သားတွေ နေရပ်ပြန်သွားပေမဲ့လည်း ဩဂုတ်လအထိ စာရင်းတွေအရ ရွှေ့ပြောင်းလုပ်သားအရေအတွက်ဟာ ၂၃ ရာခိုင်နှုန်း၊ လူဦးရေးအားဖြင့် ၇၀,၀၀၀ လောက်အထိ တိုးလာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ထိုင်းနိုင်ငံရှိ စုစုပေါင်း ရွှေ့ပြောင်းလုပ်သား ၄ သန်းနီးပါး ထဲမှာ ၈၀ ရာခိုင်နှုန်း လောက်က မြန်မာနိုင်ငံသားတွေ ဖြစ်နေပါတယ်။ ဒီနှစ် ဇန်နဝါရီလကနေ သြဂုတ်လအတွင်းမှာပဲ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားဦးရေဟာ ၇၀,၀၀၀ ခန့် (၂၃ ရာခိုင်နှုန်း ) အထိ တိုးလာခဲ့ကြောင်း ထိုင်းကုန်သွယ်မှုနှင့် စက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (EconThai) ရဲ့ အချက်အလက်တွေက ဖော်ပြတာပါ။
မြန်မာလုပ်သား ထပ်မံစုဆောင်းမည်
ထိုင်းအစိုးရဟာ အလုပ်သမား လိုအပ်ချက်ကို ပိုမိုပြည့်မီစေဖို့အတွက် ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေမှာ နေထိုင်နေကြတဲ့ မြန်မာဒုက္ခသည်တွေအပါအဝင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားတွေကိုပါ ထပ်မံစုဆောင်းပြီး တရားဝင် အလုပ်လုပ်ခွင့်ပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
EconThai ရဲ့ ဒုဥက္ကဋ္ဌ ထနစ်ဆိုရတ်က “ဒေသခံ အလုပ်ရှင်တွေက ကမ္ဘောဒီးယား အလုပ်သမား ပြတ်လပ်မှုအတွက် စစချင်းမှာ စိုးရိမ်ခဲ့ကြပေမယ့် အခြေအနေက ပြောင်းလဲသွားပါပြီ။ သူတို့ မစိုးရိမ်ကြတော့ပါဘူး” လို့ ပြောပါတယ်။
အလုပ်ပါမစ်ကို ၄ နှစ်အထိ တိုးပေးမည်
အလုပ်ရှင်တွေက အခြားနိုင်ငံက လုပ်သားတွေကို စိတ်ဝင်စားအောင် ဆွဲဆောင်ဖို့အတွက် အစိုးရ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခထက် ပိုများတဲ့ လစာတွေ၊ အချိန်ပိုကြေးတွေကို တိုးမြှင့်ပေးနေကြပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်လုပ်ကိုင်ခွင့်ပါမစ် တွေကိုလည်း အရင်က ၆လသက်တမ်းတိုးပေးခဲ့ပြီး နောက်ပိုင်းမှာ ၂ နှစ် တစ်ကြိမ်နဲ့ ၄နှစ် အထိပါ ဆက်လက် သက်တမ်းတိုးနိုင်ဖို့ စီစဉ်ထားတယ်လို့ Bangkok post သတင်းအရ သိရပါတယ်။