ဘုရင်မကြီး Sirikit ဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားမိခင်ကြီးတစ်ဦးလို ချစ်ခင်လေးစားခံရတဲ့အပြင် ထိုင်းဖက်ရှင်လောကကို ကမ္ဘာ့အလယ်ဆီ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ဖက်ရှင်အိုင်ကွန် တစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ အမြော်အမြင်ရှိမှုနဲ့ ကြိုးစားအားထုတ်မှုတွေဟာ ထိုင်းယဉ်ကျေးမှုကို ကမ္ဘာ့အလယ်မှာ ဂုဏ်ဆောင်စေခဲ့ပါတယ်။

ဖက်ရှင် ဘုရင်မကြီး

ဘုရင်မကြီး Sirikit ကို ပြောပြီဆိုရင် သူ့ရဲ့ ဖက်ရှင်တွေကို ချန်ထားလို့မရပါဘူး။ သူက ထိုင်းရိုးရာဝတ်စုံတွေကို ခေတ်နဲ့အညီ ပေါင်းစပ်ဖန်တီးပြီး ကမ္ဘာကို မိတ်ဆက်ပေးခဲ့သူပါ။ နိုင်ငံတကာခရီးစဉ်တွေမှာ ဖက်ရှင်ဒီဇိုင်နာတွေနဲ့ ပူးပေါင်းပြီး ထိုင်းရိုးရာဖက်ရှင်တွေကို အဆင့်မြှင့်တင်ခဲ့တာကြောင့် ထိုင်းရိုးရာဖက်ရှင်ဟာ ကမ္ဘာ့အလယ်မှာ ထင်ပေါ်ကျော်ကြားလာခဲ့ပါတယ်။ ဒီလိုမျိုး ထိုင်းဖက်ရှင်လောကကို ကြီးမားတဲ့ အထောက်အကူ ပြုခဲ့တာကြောင့် သူ့ကို “ထိုင်းဖက်ရှင်ရဲ့ မိခင်” လို့လည်း ချစ်စနိုးတင်စားခေါ်ဝေါ်ကြပါတယ်။

ပြည်သူ့ ဘုရင်မကြီး

ဘုရင်မကြီး Sirikit ဟာ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ဒေသက လူတွေရဲ့ဘဝကို မြှင့်တင်ပေးချင်ခဲ့တာကြောင့် “SUPPORT Foundation” လို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုကို တည်ထောင် ခဲ့ပါတယ်။ ဒီအဖွဲ့အစည်းက ကျေးလက်ဒေသက အမျိုးသမီးတွေကို ရိုးရာလက်မှုပညာတွေ သင်ကြားပေးပြီး သူတို့ထုတ်ကုန်တွေကို ရောင်းချနိုင်အောင်ပါ ကူညီပေးခဲ့တာကြောင့် အများပြည်သူအတွက် မျှော်လင့်ချက်အလင်းရောင်တစ်ခု ဖြစ်ခဲ့ပါတယ်။

သဘာဝကို ချစ်တဲ့ ဘုရင်မကြီး

ဘုရင်မကြီးဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အလေးထားခဲ့သူပါ။ ထိုင်းနိုင်ငံရဲ့ သစ်တောတွေ၊ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ဖို့အတွက် Sirikit Center for Forest Conservation ကို တည်ထောင်ခဲ့ပါတယ်။ သူမရဲ့ လုပ်ဆောင်မှုတွေကြောင့် ထိုင်းနိုင်ငံရဲ့ သဘာဝအမွေအနှစ်တွေဟာ အခုထိ ရှင်သန်နေဆဲပါ။

ဘုရင်ကြီး Bhumibol Adulyadej ရဲ့ မိဖုရားဖြစ်ပြီး လက်ရှိဘုရင် Maha Vajiralongkorn ရဲ့ မယ်တော်ဖြစ်တဲ့ ဘုရင်မကြီး Sirikit ဟာ အလှအပ၊ ပရဟိတ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့နယ်ပယ်ပေါင်းစုံမှာ အဓိကကျတဲ့ အစိတ်အပိုင်းက ပါဝင်ကောင်းကျိုးပြုခဲ့တဲ့ ဘုရင်မကြီး ဖြစ်ပါတယ်။ 

Ref : Nation / ThailandPRD

Share.
Leave A Reply

Exit mobile version