ဘန်ကောက်မြို့မှာ မြန်မာနိုင်ငံသား လင်မယား ၂ ဦး ကျည်ပွေ့ ပျောက်လို့ စကားများရာကနေ ခင်ပွန်းဖြစ်သူက  ၅နှစ်အရွယ် ကလေးငယ်ရဲ့ ရှေ့မှာပဲ ဇနီးသည်ရဲ့ လည်ပင်းကို  ဓားနဲ့ထိုးခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ အောက်တိုဘာလ ၃၀ ရက်၊ ည ၁၀ နာရီခန့်က ဘန်ကောက်၊ ဘန်ခေးခရိုင်၊ ဖက်ကာဆမ် ၆၇လမ်းမှာရှိတဲ့ အိမ်တစ်အိမ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ပွားရာကို ရောက်သွားချိန်မှာတော့ အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီး တစ်ဦးဟာ အိမ်ရဲ့ အောက်ထပ်ထဲမှာ သွေးအိုင်ထဲ လဲကျ သေဆုံးနေခဲ့ပြီး သူ့ရဲ့ လည်ပင်းမှာ ဓားဒဏ်ရာ တစ်ချက် တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အခန်းထဲမှာ သွေးစွန်းနေတဲ့ ဓားတစ်ချောင်းနဲ့ ကျည်ပွေ့၊ ဆုံ၊ စားသုံးဆီ စတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေလည်း ပြန့်ကျဲနေခဲ့တာကို တွေ့ခဲ့ရပါတယ်။

ရဲစစ်ချက်အရ သူတို့လင်မယားနှစ်ဦးဟာ ခင်ပွန်းနဲ့အတူပါလာတဲ့ ကလေး ၂ ယောက်အပါအဝင် သူတို့ရဲ့ ၅ နှစ်အရွယ်သမီးလေး ၁ ယောက်နဲ့ အတူနေထိုင်ကြတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ အလုပ်က ပြန်လာတဲ့ ည ၈ နာရီ အချိန်လောက်မှာ ကလေးတွေဟာ မိခင်နဲ့အတူ အခန်းထဲမှာ ထမင်းစားနေကြတာပါ။ ခင်ပွန်းဖြစ်သူက ချက်ပြုတ်ဖို့အတွက် ကျည်ပွေ့ရှာမတွေ့တာကို မကျေနပ်လို့ ဇနီးသည်နဲ့ စကားများ ရန်ဖြစ်ခဲ့ရာမှ စိတ်မထိန်းနိုင်ပဲ ခင်ပွန်းဖြစ်သူဟာ ဓားကိုယူပြီး ဇနီးသည်ရဲ့ လည်ပင်းကို ထိုးလိုက်တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်က သူတို့ရဲ့ အသက် ၅ နှစ်အရွယ် သမီးငယ်လေး အပါအဝင် ကလေးတွေ ရှေ့မှာပဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ရဲတပ်ဖွဲ့က အသက် ၃၀ အရွယ်ရှိ ခင်ပွန်းဖြစ်သူကို အခင်းဖြစ်ပွားချိန်မှာ အရက်သောက်ထားတဲ့ အခြေအနေကိုတွေ့ရှိရတာကြောင့် ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ ch7 သတင်းမှာ ဖော်ပြထားပါတယ်။ 

Share.
Leave A Reply

Exit mobile version