ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင်မှာ လူဝင်မှုကြီးကြပ်ရေးဌာနက ထိုင်းနိုင်ငံသားတွေအတွက် သီးသန့်ထားရှိတဲ့ ဆံပင်ညှပ်ဆရာ အလုပ်ကို လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ကော့စမွီကျွန်းပေါ်က ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ကို ရဲအရာရှိတစ်ဦးက သာမန်ဖောက်သည်တစ်ဦးလို အယောင်ဆောင် ဝင်ရောက်ခဲ့ပြီးနောက် အခုလိုဖမ်းဆီးခဲ့တာပါ။  

ဆိုင်ထဲမှာ အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုအောင်ဇော်ထွန်း က ဆံပင်ညှပ်ဆရာအဖြစ် ဝန်ဆောင်မှုပေးနေတာကို တွေ့ရှိရပြီး ရဲက သူ့ရဲ့ ဆံပင်ကို စတင်ညှပ်ခိုင်းခဲ့တာပါ။ဆံပင်ညှပ်နေစဉ်အတွင်းမှာပဲ အယောင်ဆောင် ဖောက်သည်ရဲက သူတို့ဟာ အရာရှိဖြစ်ကြောင်း ဖွင့်ဟလိုက်တဲ့အခါ ဆံပင်ညှပ်ဆရာ မြန်မာလူငယ်က တော်တော်လေးကို ထိတ်လန့်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရဲအရာရှိက ဆံပင်ပြီးအောင် ဆက်ညှပ်ပြီးမှ ဖမ်းဆီးမယ်လို့ ပြောခဲ့ပါတယ်။ 

ရဲအရာရှိရဲ့ ဆံပင်ကို ညှပ်ပြီးတဲ့အခါမှာတော့ အသင့်စောင့်နေတဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ချက်ချင်း ဖမ်းဆီးခဲ့ကြတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူ မြန်မာလူငယ်က ဆိုင်ကို ထိုင်းနိုင်ငံသားတစ်ဦးက ပိုင်ဆိုင်ပြီး သူက အလုပ်သမားအဖြစ်သာ လုပ်ကိုင်နေတာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ မြန်မာဆံပင်ညှပ်ဆရာကို ဥပဒေအရ အရေးယူဖို့ ရဲစခန်းကို ပို့ဆောင်လိုက်ပြီဖြစ်ပြီး ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ထိုင်းနိုင်ငံသားကိုလည်း ဆက်လက်အရေးယူဖို့ စီစဉ်နေတယ်လို့ MGR သတင်းအရ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ဆံပင်ညှပ်ခြင်း ဟာ ထိုင်းနိုင်ငံသားတွေအတွက်ပဲ သီးသန့်ခွင့်ပြုထားတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်တာကြောင့် နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိပါဘူး။ ဒါကြောင့် ကိုအောင်ဇော်ထွန်းကို လုပ်ပိုင်ခွင့်မရှိတဲ့ အလုပ်ကို နိုင်ငံခြားသားတစ်ဦးအနေနဲ့ လုပ်ကိုင်ခြင်း ဆိုတဲ့စွဲချက်နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။  

Share.
Leave A Reply

Exit mobile version