အကြိမ်ကြိမ်ဝင်ရောက်ခွင့် ပိတ်ပင်မည်
ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဟာ ဗီဇာ ကင်းလွတ်ခွင့် အစီအစဉ်ကို အလွဲသုံးစားလုပ်ပြီး နိုင်ငံထဲမှာ နေထိုင်ခွင့်ကို အကြိမ်ကြိမ်ထပ်တိုးဖို့လုပ်နေသူတွေ၊ အထူးသဖြင့် လိမ်လည်သူ နိုင်ငံခြားသားတွေကို ပိတ်ဆို့အရေးယူဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။လူဝင်မှုကြီးကြပ်ရေးဗျူရိုရဲ့ ဒုတိယအကြီးအကဲ ရဲမှူးချုပ် ချောင်ရွန်ရင်မ်ပါဒီက လက်ရှိမှာ စစ်ဆေးရေးတွေ တင်းကြပ်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
လဝက ရဲတပ်ဖွဲ့အနေနဲ့ အဓိက စစ်ဆေးမယ့် အချက်တွေကတော့ ဗီဇာကင်းလွတ်ခွင့်နဲ့ သုံးကြိမ်ဆက်တိုက် ဝင်ရောက်ဖို့ တောင်းဆိုလာသူတွေနဲ့ အရင် နေထိုင်မှုတွေမှာ အနည်းဆုံး ၄၅ ရက် ဒါမှမဟုတ် ၄၅ ရက်အထက် နေထိုင်ခဲ့သူတွေပဲ ဖြစ်ပါတယ်။ ရဲမှူးချုပ်က ဒီလူတွေဟာ ခရီးသွားဖို့ လာတာ မဟုတ်ဘဲ အများစုက ထိုင်းလူမျိုး နာမည်ခံပြီး စီးပွားရေးလုပ်တာ ဒါမှမဟုတ် အလုပ်လုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ တရားဝင် ဗီဇာလျှောက်ဖို့ကို ရှောင်ရှားဖို့အတွက် ဒီစနစ်ကို အလွဲသုံးစားလုပ်နေကြတာဖြစ်ပြီး အချို့ဆိုရင် ခုနစ်ကြိမ် အထိ ဝင်ထွက်ကာ နိုင်ငံထဲမှာ ရက်ပေါင်း ၂၀၀ ကျော် နေထိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က အကြိမ်ကြိမ် ဝင်ရောက်ခွင့် တောင်းဆိုသူတွေကို ဝင်ခွင့် ပိတ်ပင်သွားမှာ ဖြစ်ပြီး ဒီလိုလုပ်ဆောင်တာဟာ အိမ်နီးချင်းနိုင်ငံတွေကနေ ထွက်ပြေးပြီး ထိုင်းမှာ လိမ်လည်မှုလုပ်ငန်း လာရောက်ထူထောင်ဖို့ ကြိုးစားနေတဲ့ လိမ်လည်သူတွေကို တားဆီးဖို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဟာ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို နိုင်ငံသားတိုင်းအပေါ် မျှတစွာ ကျင့်သုံးနေတာဖြစ်ပြီး စစ်မှန်တဲ့ ခရီးသွားတွေကို ဘယ်လိုမှ မထိခိုက်စေဘူးလို့ ရဲမှူးချုပ်က အာမခံခဲ့ပါတယ်။
တကယ် ခရီးသွားတဲ့သူတွေဟာ တစ်ခေါက်လာရင် ပျမ်းမျှ ၁၅ ရက် လောက်ပဲ နေထိုင်ကြပြီး သူတို့မှာ တည်းခိုမယ့်နေရာ၊ ခရီးသွားမယ့် အစီအစဉ်နဲ့ ပြန်မယ့်ရက်တွေ အကုန် ရှင်းရှင်းလင်းလင်း ရှိပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ ခရီးသွားတွေကို အမြဲကြိုဆိုနေပါတယ် လို့ ဒုရဲမှူးချုပ်က ပြောပါတယ်။ ဒီလို စစ်ဆေးမှုတွေ တင်းကြပ်လိုက်တာကြောင့် ဗီဇာ ဝန်ဆောင်မှု လုပ်ကိုင်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့အတွက် တရုတ်အပါအဝင် အချို့နိုင်ငံသားတွေကို ပစ်မှတ်ထားတယ် ဆိုတဲ့ ကောလဟာလတွေ ဖြန့်နေတာကိုလည်း ဒုရဲမှူးချုပ်က ပယ်ချခဲ့တယ်လို့ Bangkok post သတင်းမှာ ဖော်ပြပါတယ်။