ထိုင်းနိုင်ငံမှာ ခရီးသွားတွေကို ဝင်ခွင့်ငြင်းပယ်တာတွေ များလာတဲ့အတွက် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်တွေက အစိုးရကို အရေးပေါ် တောင်းဆိုနေပါတယ်။ အဓိကကတော့ ဗီဇာစည်းမျဉ်း အသစ်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့နဲ့ ရောက်မှ စစ်ဆေးတာထက် ကြိုတင်စစ်ဆေးတဲ့ စနစ်ကို ပိုသုံးဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

လတ်တလော ထွက်လာတဲ့ စည်းမျဉ်းအရ နိုင်ငံခြားသားတွေဟာ နေရပ်မပြန်ဘဲ ဗီဇာ-ကင်းလွတ်ခွင့်နဲ့ ရက်၉၀ တစ်ကြိမ်ဝင်ရောက်မှုကို ၂ ကြိမ်ထက် ပိုပြီး ဝင်ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ အကြောင်းပြချက် ခိုင်လုံမှုမရှိရင် ဝင်ခွင့်ချက်ချင်း ငြင်းပယ်ခံရမှာပါ။ ထိုင်းဟိုတယ်များအသင်း ဥက္ကဋ္ဌက ဒီလို ဝင်ခွင့်ငြင်းပယ်မှုတွေက ခရီးသွားတွေအကြား စိုးရိမ်စိတ်တွေ ဖြစ်စေတယ်လို့ ပြောပါတယ်။ ဒါကြောင့် အစိုးရကို အခုလို တောင်းဆိုထားပါတယ်။

  • နောက်ဆုံး အပ်ဒိတ်လုပ်ထားတဲ့ စည်းမျဉ်းတွေကို ခရီးသွားတွေ နားလည်အောင် ပုံမှန် ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ 
  • ဒါ့အပြင် ရောက်မှ ကျပန်းစစ်တာမျိုး ဒါမှမဟုတ် အရာရှိတွေရဲ့ စိတ်ကြိုက်ဆုံးဖြတ်ချက်နဲ့ စစ်တာမျိုးထက် တောင်ကိုရီးယားလို E-Travel Authorization (ETA) စနစ်မျိုးနဲ့ ကြိုတင်စစ်ဆေးခြင်းကို ပြောင်းသုံးသင့်ပါတယ်။ ဒါမှ ခရီးသွားမှတ်တမ်း သန့်ရှင်းသူတွေက အလိုအလျောက် ဂိတ်တွေကနေ အလွယ်တကူ ဖြတ်သန်းနိုင်ပြီး စိုးရိမ်ရသူတွေကိုပဲ လူကိုယ်တိုင် စစ်ဆေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိကကဏ္ဍက ဒီလို ကြိုတင်ခွင့်ပြုချက်စနစ်ကို ထောက်ခံတယ်လို့လည်း ဆိုပါတယ်။ ဒီစနစ်က လုံခြုံရေးကို ပိုကောင်းစေသလို၊ ခရီးသွားတွေအတွက်လည်း စိတ်ပူစရာမလိုဘဲ ချောမွေ့တဲ့ ခရီးစဉ်ကို အာမခံနိုင်မယ်လို့ ယုံကြည်ကြပါတယ်။လက်ရှိအချိန်အထိ ထိုင်းနိုင်ငံကို နိုင်ငံခြားသား ဝင်ရောက်မှုဟာ ၃၀.၂ သန်း ရှိနေပြီဖြစ်ပေမယ့် ယခင်နှစ်ထက် ၇ ရာခိုင်နှုန်းကျော် ကျဆင်းနေတယ်လို့ Bangkok post သတင်းအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version