ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင်ဖို့ မိတ်ဆက်ခဲ့တဲ့ ရေရှည်နေထိုင်ခွင့် ဗီဇာကြောင့် ထိုင်းစီးပွားရေး တိုးတက်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) အတွင်းရေးမှူးချုပ်က ကြေညာခဲ့ပါတယ်။ ဒီဗီဇာအစီအစဉ်ကြောင့် ထိုင်းဘတ် ၂၃ ဘီလျံအထိ ရရှိထားတယ်လို့ ခန့်မှန်းထားပါတယ်။
ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို တိုးတက်စေဖို့နဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေနဲ့ အရည်အချင်းရှိ ပညာရှင်တွေကို ဆွဲဆောင်နိုင်ဖို့ ရေရှည်နေထိုင်ခွင့် ဗီဇာ (Long-Term Resident Visa) အစီအစဉ်ကို ထိုင်းအစိုးရက စတင်ခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ အခုဆိုရင် အောင်မြင်မှုတွေ ရရှိနေပြီလို့ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) အတွင်းရေးမှူးချုပ်က ကြေညာခဲ့ပါတယ်။
ဘယ်သူတွေ လာရောက်နေထိုင်လဲ?
- အထူးကျွမ်းကျင်ပညာရှင်များ
- ထိုင်းနိုင်ငံကနေပြီး အလုပ်လုပ်လိုသူများ
- ချမ်းသာကြွယ်ဝသူများ
- ငွေကြေးတတ်နိုင်တဲ့ ပင်စင်စားများ
အစီအစဉ်ရဲ့ အောင်မြင်မှု
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာ စတင်ခဲ့ပြီးနောက်ပိုင်းမှာ လူပေါင်း ၇,၀၀၀ ကျော် ဒီဗီဇာကို ရရှိပြီးပါပြီ။ လျှောက်ထားသူတွေထဲမှာ ဥရောပ (၄၂%)၊ အမေရိကန် (၁၉%) နဲ့ အာရှဒေသက ဂျပန်၊ တရုတ်၊ အိန္ဒိယတို့ အများဆုံးပါဝင်ကြပါတယ်။ ဒီဗီဇာအစီအစဉ်က ထိုင်းစီးပွားရေးအတွက် ဘတ်ငွေ ၂၃ ဘီလီယံကျော် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီဝင်ငွေတွေက ဗီဇာကြေး၊ ဗီဇာရရှိသူတွေရဲ့ သုံးစွဲမှု၊ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနဲ့ အခွန်အခတွေကနေ ရရှိတာ ဖြစ်ပါတယ်။
ဗီဇာ စည်းကမ်းချက်တွေ ပြောင်းလဲလာပုံ
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာတော့ ဗီဇာစည်းကမ်းချက်တွေကို ပိုမိုဖြေလျှော့ပြီး ဆွဲဆောင်မှု ပိုရှိလာအောင် ပြင်ဆင်ခဲ့ပါတယ်။ အဲဒီလို ပြင်ဆင်လိုက်တဲ့အတွက် ချမ်းသာကြွယ်ဝသူတွေရဲ့ လျှောက်လွှာအရေအတွက်ဟာ ယခင်နှစ်ထက် နှစ်ဆတိုး လာခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုမိုဝင်ရောက်လာခဲ့ပါတယ်။
ဝန်ဆောင်မှုအသစ်များ
ဒီလို ရင်းနှီးမြှုပ်နှံသူတွေအတွက် ဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်စေဖို့အတွက် “Thailand Investment and Expat Services Centre (TIESC)” လို့ခေါ်တဲ့ ဗဟိုဌာနအသစ်တစ်ခုကို ဘန်ကောက်မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီစင်တာမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ဗီဇာ၊ အလုပ်လုပ်ခွင့် ကိစ္စတွေကို တစ်နေရာတည်းမှာပဲ အဆင်ပြေပြေ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ the nation မှာ ဖော်ပြထားပါတယ်။