နွန်ထဘူရီခရိုင်ရှိ ဝက်သားရောင်းဆိုင်တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးတစ်ဦးဟာ ဝက်သားကြိတ်စက်ထဲကိုဘယ်ဘက်လက် ညပ်မိခဲ့တာကြောင့် ကယ်ဆယ်ရေးအဖွဲ့က အချိန်မီ ကူညီကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၁ ရက်၊ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က ဘန်ဘူထောင်မြို့နယ်၊ ဘန်ဘူထောင်-ဆိုင်နွိုင်းလမ်းရှိ ဝက်သားရောင်းဆိုင်မှ စာရင်းကိုင်အမျိုးသမီးက ဝက်သားကြိတ်စက်မှာ ဝန်ထမ်းတစ်ဦးရဲ့ လက်ညပ်နေကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကိုအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရရှိသူမှာ အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးဖြစ်ပြီး ဆိုင်မှာ အလုပ်ဝင်တာ ၁ ပတ်ခန့်သာရှိသေးတယ်လို့ သိရပါတယ်။
သတင်းရရချင်း ကယ်ဆယ်ရေးအဖွဲ့က အခင်းဖြစ်ပွါးရာနေရာကို အလျင်အမြန်ရောက်ရှိလာပြီး ကြိတ်စက်ရဲ့ အစိတ်အပိုင်းတွေကို တစ်ခုချင်းစီ ဖြုတ်ယူကာ မိနစ် ၃၀ ခန့်ကြာပြီးနောက် လက်ကို စက်ထဲမှ အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးက ဒဏ်ရာရရှိသူ အမျိုးသမီးဟာ နာကျင်နေသော်လည်း သတိမလစ်ဘဲ စကားပြောဆိုနိုင်တယ်လို့ ပြောပါတယ်။ လက်ကိုထုတ်ယူပြီးနောက် ဘယ်ဘက်လက်ရှိ လက်ချောင်းငါးချောင်းလုံး ပုံပျက်နေတာကို တွေ့ရှိရပြီး ဘန်ဘူထောင်ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ပေးခဲ့တယ်လို့ matichon သတင်းအရ သိရပါတယ်။