ထိုင်းနိုင်ငံရှိ ဒေသခံအလုပ်ရှင်တွေက အိမ်နီးချင်းနိုင်ငံတွေ ကနေ လာရောက်အလုပ်လုပ်ကြတဲ့ သူတွေအတွက် အလုပ်လုပ်ခွင့်ပါမစ် လုပ်ငန်းစဉ်ကို လွယ်ကူချောမွေ့အောင် လုပ်ပေးဖို့ အစိုးရကို တောင်းဆိုနေပါတယ်။ အလုပ်ပါမစ်လုပ်တာဟာ အချိန်ကြာမြင့်ပြီး ရှုပ်ထွေးလွန်းတာကြောင့် အလုပ်သမားတွေဟာ တရားမဝင်အလုပ်တွေ လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။
မကြာသေးခင်က ကမ္ဘောဒီးယားအလုပ်သမားတွေ ပြန်သွားကြတဲ့အတွက် ပတ္တရားဒေသမှာ လုပ်သားရှားပါးမှု ပိုဆိုးလာပါတယ်။ ဒီအချိန်မှာ နိုင်ငံတကာ ခရီးသွားတွေ ဝင်ရောက်မှုများလာတာကြောင့် လုပ်ငန်းတွေအတွက် အခက်အခဲတွေ ရှိနေပါတယ်။လက်ရှိမှာ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသားအလုပ်သမား အများစုဟာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက ဖြစ်ပါတယ်။
လက်ရှိမှာ အလုပ်ပါမစ်ထုတ်ပေးတဲ့ လုပ်ငန်းစဉ် နှေးကွေးနေတာကြောင့် အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ခက်ခဲနေပါတယ်။ အစိုးရက အင်ဒိုနီးရှားနဲ့ သီရိလင်္ကာလို တခြားနိုင်ငံတွေကနေပါ အလုပ်သမားခေါ်ယူဖို့ စီစဉ်နေပေမယ့် အဲဒီနိုင်ငံတွေနဲ့ MOU မရှိသေးတဲ့အတွက် အလုပ်သမားခေါ်ယူဖို့ အခက်အခဲတွေ ရှိနေပါသေးတယ်။
ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ လိုအပ်ချက်တွေကို အချိန်မီဖြေရှင်းနိုင်ဖို့ လုပ်ထုံးလုပ်နည်းတွေကို ပိုမိုမြန်ဆန်အောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုနေကြတာပါ။
“ထိုင်းနိုင်ငံမှာ တရားဝင် နိုင်ငံခြားသား အလုပ်သမား ၂.၅ သန်းလောက်ရှိပြီး သုံးပုံတစ်ပုံလောက်ကတော့ ပတ္တရားအပါအဝင် ချွန်ဘူရီဒေသမှာ အလုပ် လုပ်ကိုင်နေကြတယ်” လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ တရားမဝင်အလုပ်သမားတွေပါ ပေါင်းလိုက်ရင် ဒီအရေအတွက်ဟာ နှစ်ဆလောက်အထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
သတင်း – pattayamail