ထိုင်းနိုင်ငံ၊ ကန်ချနပူရီမြို့မှာ မြန်မာနိုင်ငံသား ၈ ဦးနဲ့ သူတို့ကို တင်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်းတစ်ဦးကို အဝေးပြေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ဒုတိယရဲမှူးကြီး ဦးဆောင်တဲ့ အဝေးပြေးရဲတပ်ဖွဲ့က ကန်ချနပူရီမြို့က စစ်ဆေးရေးဂိတ်မှာ သံသယရှိတဲ့ ယာဉ်တစ်စီးကို စစ်ဆေးရင်း ဖမ်းမိခဲ့တာပါ။
ကားပေါ်မှာ စာရွက်စာတမ်းမပါတဲ့ မြန်မာနိုင်ငံသား ၈ ဦးနဲ့အတူ အသက် ၃၀ အရွယ် ထိုင်းယာဉ်မောင်းကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ စကားပြန်ကတစ်ဆင့် စစ်ဆေးမေးမြန်းကြည့်ရာမှာ မြန်မာနိုင်ငံသားတွေက ထိုင်း-မြန်မာနယ်စပ်က ဘန့်ဘောင်းတီး သဘာဝ လမ်းကြောင်းကနေ ခိုးဝင်လာတာဖြစ်ပြီး စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်မှာ အလုပ်လုပ်ဖို့ လာတာလို့ သိရပါတယ်။ သူတို့က ပွဲစားခအဖြစ် တစ်ဦးကို ဘတ် ၁၀,၅၀၀ ပေးခဲ့ရပြီး ယာဉ်မောင်းကိုတော့ လူတစ်ဦးလျှင် ဘတ် ၁,၅၀၀ ပေးရတယ်လို့ ပြောပါတယ်။
ထိုင်းယာဉ်မောင်း အနေနဲ့ ဒီလိုမျိုးတရားမဝင်လုပ်သားပို့ပေးတာတွေကို ၅ ကြိမ် လုပ်ဖူးပြီးသားဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ယာဉ်မောင်းက ရဲကိုရှောင်ဖို့ ညနေပိုင်းတွေမှာ ဒေသခံကားတွေနဲ့ ရောပြီး မောင်းနှင်လေ့ရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ အရေးယူထားတယ်လို့ highway police ထုတ်ပြန်ချက်အရ သိရပါတယ်။