လက်ရှိ ထိုင်းနိုင်ငံမှာ အလုပ်သမားတွေ လိုအပ်တာကြောင့် အလုပ်သမားဝန်ကြီးဌာနဟာ မြန်မာအပါအဝင် နိုင်ငံ ၈ နိုင်ငံကနေ အလုပ်သမားတွေကို တိုးပြီး ခေါ်ယူသွားမယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ဟာ လာမယ့် ၂ လအတွင်း အလုပ်သမားပြတ်လပ်မှုကို ဖြေရှင်းပေးနိုင်မယ်လို့ ထိုင်းအစိုးရက မျှော်မှန်းထားတာပါ။
ဘာကြောင့် အလုပ်သမားတွေ လိုအပ်နေတာလဲ
အရင်က ထိုင်းနိုင်ငံမှာ အလုပ်လုပ်တဲ့ နိုင်ငံခြားသား အများစုဟာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (CLMV) နိုင်ငံတွေက ဖြစ်ပါတယ်။ မကြာသေးခင်က ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာ အခြေအနေကြောင့် ကမ္ဘောဒီးယား အလုပ်သမား ၁ သိန်းကျော်လောက် သူတို့နိုင်ငံကို ပြန်သွားခဲ့ကြပြီး လုပ်ငန်းတွေမှာ အလုပ်သမားတွေ အကြီးအကျယ် ပြတ်လပ်လာခဲ့တာ ဖြစ်ပါတယ်။
ဘယ်နိုင်ငံတွေကနေ အလုပ်သမားတွေ ခေါ်ယူမလဲ
အခုလို အလုပ်သမားပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာနက အရင်က အလုပ်ခန့်ထားတဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် စတဲ့ CLMV နိုင်ငံတွေအပြင် သီရိလင်္ကာ၊ နီပေါ၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကနေပါ အလုပ်သမားတွေကို ထပ်ပြီး ခေါ်ယူသွားဖို့ စီစဉ်နေပါတယ်လို့ သိရပါတယ်။ စုစုပေါင်း နိုင်ငံ ၈ နိုင်ငံအထိတိုးပြီး အလုပ်သမားတွေကို ခေါ်ယူသွားမှာဖြစ်တယ်လို့ matichon သတင်းမှာ ဖော်ပြပါတယ်။ ဒီလိုလုပ်ခြင်းတာဟာ အရေးပေါ် အခြေအနေတွေမှာ အချိန်ကုန်ခံပြီး MOU လုပ်စရာမလိုဘဲ တခြားနိုင်ငံတွေကနေ အလုပ်သမားတွေကို ချက်ချင်းခေါ်ယူနိုင်မှာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။
အလုပ်သမားပြတ်လပ်မှု ဘယ်တော့ ပြေလည်မလဲ
အလုပ်သမားဝန်ကြီး Pongkwin Juangroongruangkit ရဲ့ ပြောကြားချက်အရ ဒီအလုပ်သမားပြတ်လတ်မှု ပြဿနာကို ၂ လအတွင်း ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ လုပ်ငန်းရှင်တွေကို လိုအပ်တဲ့ အလုပ်သမား အရေအတွက် တင်ပြခိုင်းထားပြီး အလုပ်သမားအသစ် ၄၂,၀၀၀ လောက် ခန့်ထားပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ဒါ့အပြင် အလုပ်သမားအားလုံးကို လုပ်ငန်းတွေဆီ အချိုးညီ ခွဲဝေပေးသွားမယ်လို့လည်း ကတိပေးထားပါတယ်။