ထိုင်းနိုင်ငံ၊ ပတ္တယားတောင်ပိုင်းရှိ ဖျော်ဖြေရေးဆိုင်တစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာမှ အလုပ်လုပ်ခွင့် အထောက်အထား မရှိတဲ့ မြန်မာ နဲ့ လာအိုနိုင်ငံသား အပါအဝင် မူးယစ်ဆေး သုံးစွဲထားတဲ့သူတွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၁၃ ရက်နေ့ မနက်အစောပိုင်းက ထိုင်းရဲတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ ဖျော်ဖြေရေးဆိုင်တစ်ခုကို ဝင်ရောက်ပြီးနောက် သီချင်းများကို ပိတ်ကာ မီးများဖွင့်ပြီး အမျိုးသားနဲ့အမျိုးသမီးများကို ခွဲခြားစေကာ သက်သေခံကတ်ပြားများကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ထိုသို့ စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၁ ဦးနဲ့ လာအိုနိုင်ငံသား ၅ ဦးကို ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေတာကို တွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ထို့အပြင် ၎င်းတို့နဲ့ အခြားဝန်ထမ်းများ၊ ဖောက်သည်များကို မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ၊ မရှိ ဆီးစစ်ဆေးရာမှာ ဝန်ထမ်း ၉ ဦးနဲ့ ဖောက်သည် ၁ ဦး၊ စုစုပေါင်း ၁၀ ဦးရဲ့ ဆီးနမူနာတွေမှာ ဆေးသုံးစွဲထားတဲ့ အရောင်ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ နိုက်ကလပ်တာဝန်ခံ၊ အလုပ်လုပ်ခွင့်မရှိတဲ့ နိုင်ငံခြားသား ၆ ဦးနဲ့ မူးယစ်ဆေးဝါးသုံးစွဲထားသူ ၁၀ ဦးတို့ကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ ၎င်းတို့ကို ဥပဒေအရ အရေးယူနိုင်ရန်နဲ့ ဆေးသုံးစွဲထားသူများကို ပြန်လည်ကုသမှု ခံယူနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးမှူးများထံ လွှဲပြောင်းပေးအပ်သွားမှာဖြစ်ကြောင်း matichon သတင်းမှာ ဖော်ပြထားပါတယ်။