ထိုင်းနိုင်ငံ၊ နခွန်ပထုံမှာရှိတဲ့ စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးကို ထိုင်းအမျိုးသား တစ်ဦးက ဓားကိုင်ဆောင်ကာ အခန်းထဲ ခိုးဝင်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ 

ဩဂုတ်လ ၂ ရက်နေ့က မြန်မာအမျိုးသားနဲ့ အမျိုးသမီးဇနီးမောင်နှံဟာ လစာထုတ်ဖို့ သွားရင်းနဲ့ စက်ရုံမှာ နေခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် ရုံးဖွင့်ရက်အထိ အလုပ်သမားတန်းလျားမှာ စောင့်ဆိုင်းနေထိုင်ဖို့ လုပ်ငန်းခေါင်းဆောင်က ပြောခဲ့တာကြောင့် ဇနီးမောင်နှံနှစ်ဦးဟာ အလုပ်သမားတန်းလျားမှာ ယာယီနေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဩဂုတ်လ ၅ ရက်နေ့ မနက် ၄ နာရီလောက်မှာတော့ ခင်ပွန်းဖြစ်သူကို စက်ရုံက ထိုင်းနိုင်ငံသား ကားသမားတစ်ဦးက ပစ္စည်းသွားသယ်မယ်လို့ ဆိုကာ လာခေါ်သွားခဲ့ပြီး လမ်းတစ်နေရာအရောက်မှာ ခင်ပွန်းဖြစ်သူကို “ခဏစောင့်” လို့ ပြောပြီး ထားခဲ့တယ်လို့ ဆိုပါတယ်။ ပြီးနောက် မနက် ၅ နာရီလောက်မှာ ကားသမားဖြစ်သူဟာ ဓားတစ်ချောင်းကိုင်ပြီး အမျိုးသမီးရှိရာအခန်းထဲကို အတင်းဝင်ရောက်ခဲ့ကြောင်း CCTV မှတ်တမ်းတွေကနေ သိရပါတယ်။ အမျိုးသမီးက အော်ဟစ်အကူအညီတောင်းခဲ့ပေမဲ့ ကားသမားက ထိုးကြိတ်ပြီး လည်ပင်းညှစ်ကာ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

“အခုကတော့ ကျူးလွန်သူကို ရဲစခန်းမှာထိန်းသိမ်းထားတဲ့ အခြေအနေပါ။ ကျူးလွန်သူကတော့ ခုထိဝန်မခံသေးဘူး။  CCTV record တွေလဲ ရထားတယ်။ ဒီရက်ထဲမှာပဲ ရဲစခန်းမှာ စစ်ဆေးတာထပ်လုပ်ပြီး တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ဆက်လုပ်သွားမှာပါ” လို့ MHAC က တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။ 

လက်ရှိမှာတော့ ကျူးလွန်သူ ထိုင်းအမျိုးသားကို ဖမ်းဆီးထားပြီဖြစ်ပြီး M.H.A.C အဖွဲ့အနေနဲ့ တရားရုံးမှာ ထိရောက်စွာ အရေးယူနိုင်တဲ့အထိ ကူညီဆောင်ရွက် ပေးသွားမယ် လို့ သိရပါတယ်။

Share.
Leave A Reply

Exit mobile version