ထိုင်းနိုင်ငံ ကားအပိုပစ္စည်းစက်ရုံနှစ်ခုက ဝန်ထမ်း ၂၉ ဦးရဲ့ အလုပ်ထုတ်ခံရမှု၊ အလုပ်ပြောင်းစာရွက်စာတမ်းတွေ မရခဲ့မှုကို MHAC နဲ့ NUG အလုပ်သမားရေးဌာနက လိုက်လံဆောင်ရွက်ပေးခဲ့ရာမှာ အားလုံးပြန်လည် အဆင်ပြေသွားခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ အယုဒ္ဓရာမြို့ရှိ ကားအပိုပစ္စည်းစက်ရုံမှာ တစ်နှစ်ကျော်တာဝန်ထမ်းဆောင်နေတဲ့ မြန်မာအလုပ်သမား ၁၈ ဦးအား မေလ ၂၀ ရက်နေ့က တစ်လစာမပေးပဲ အကြောင်းမဲ့ အလုပ်ထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီအမှုကို MHAC နဲ့ NUG မှ တာဝန်ယူပြီး မေလ ၂၆ ရက်နေ့က နယ်မြေခံအလုပ်သမားရုံးသို့ တိုင်ကြားခဲ့ရာအဆိုပါ တိုင်ကြားမှုကြောင့် ဇွန်လ ၁၀ ရက်နေ့မှာ စက်ရုံဘက်က မပေးရသေးတဲ့ လုပ်ခလစာ တစ်လစာ ဘတ် ၃ သိန်းကို ပြန်လည်ပေးအပ်ခဲ့တဲ့အပြင် လုပ်သက်အလိုက် ခံစားခွင့်တွေကိုလည်း တစ်လအတွင်း ဖြေရှင်းပေးမယ်ဆိုတဲ့ အာမခံချက်ရရှိခဲ့တယ်လို့ သိရပါတယ်။
ချွန်ဘူရီရှိ ကားအပိုပစ္စည်းလုပ်ငန်းတစ်ခုမှာလည်း MOU စနစ်နဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၁ ဦးဟာ မတရားအလုပ်ခိုင်းခံရမှုကြောင့် အလုပ်ရုံတာဝန်ရှိသူကို တိုင်ကြားရာမှာ “မလုပ်နိုင်ထွက်” ဆိုပြီး အလုပ်ထုတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အလုပ်ပြောင်းခွင့်ယူဖို့ လိုအပ်တဲ့ ဘိုင်ကျန်အော့ မထုတ်ပေးဘဲ မြန်မာပြည်ပြန်ပို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကိုလည်း ခံရတာကြောင့် အလုပ်သမားတွေက MHAC ကို အကူအညီတောင်းခဲ့ရာ MHAC အဖွဲ့မှ ထိုင်းအစိုးရအဖွဲ့ (ကျဟာငန်) ရုံးတွင် တိုင်ကြားမှု တာဝန်ယူဆောင်ရွက်ခဲ့ပြီး လာမယ့်တစ်ပတ်အတွင်းမှာ အလုပ်ပြောင်းခွင့်စာရွက်စာတမ်းတွေ ပြန်လည်ထုတ်ပေးသွားမယ်ဆိုတဲ့ တုံ့ပြန်မှုရရှိခဲ့တယ်လို့ သိရပါတယ်။