ချင်းမိုင်ခရိုင် ၊ မဲ့ချအမ်းမြို့နယ်မှာ ထိုင်းအလုပ်ရှင်တစ်ဦးအား သတ်ဖြတ်မှုဖြင့် သံသယရှိခဲ့တဲ့ မြန်မာစစ်ဘေးရှောင်ကရင်လူငယ်တစ်ဦးကို စဘ်မွိုင်မြို့နယ်ရှိ ယာယီခိုလှုံရေးစခန်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ၎င်းအနေနဲ့ ဒီအမှုနဲ့ပတ်သက်ပြီး ဖမ်းမိခဲ့တဲ့ ဒုတိယမြောက် သံသယရှိသူဖြစ်တယ်လို့လည်း သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ၂၇ရက်နေ့ညက မဲ့ချအမ်းမြို့နယ်၊ မယ်ဆာတော့ပ်တိုင်ရွာမှာ အသက် ၅၇ နှစ်အရွယ်ရှိ မစ္စတာ ဘွန်းချွိုင်ဆိုသူအား နဖူးနဲ့ ဦးခေါင်းမှာ ပြင်းထန် ဒဏ်ရာတွေနဲ့ သတ်ဖြတ်ခံထားရတာကို တွေ့ရှိခဲ့ပြီး ၎င်းရဲ့ဆိုင်ကယ်နဲ့ ဖုန်းတို့လည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ၎င်းဆီမှာအလုပ်လုပ်ကိုင်နေတဲ့ ကရင်အလုပ်သမားနှစ်ဦးလည်း ပျောက်ဆုံးနေခဲ့တာကြောင့် ရဲတပ်ဖွဲ့က ၎င်းတို့နှစ်ဦးကို ပြစ်မှုကျူးလွန်တယ်လို့ ယူဆခဲ့တာဖြစ်ပါတယ်။ 

ဇွန်လ ၂၉ ရက်နေ့မှာ အသက်၁၇နှစ်အရွယ် ကရင်လူငယ်တစ်ဦးကို မယ်လမာလောင်ယာယီခိုလှုံရေးစခန်းမှာ ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်အတူ ဆိုင်ကယ်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။၎င်းအနေနဲ့ စဘ်မွိုင်ခရိုင်၊ စဘ်မွိုင်ဒေသ၊ မယ်လမာလောင်ယာယီခိုလှုံရာစခန်းမှာ စစ်ဘေးရှောင်အဖြစ် မှတ်ပုံတင်ထားသူ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ဇွန်လ၂၈ရက်နေ့ကလည်း စစ်ဘေးရှောင်အနေနဲ့ UN မှတ်ပုံတင်ထားတဲ့ အသက် ၂၀ အရွယ်ရှိ သံသယရှိသူ ကရင်အမျိုးသားကို မယ်လအွန်းယာယီခိုလှုံရေးစခန်းမှာ ဖမ်းဆီးရမိခဲ့ပြီး မဲ့ချအမ်းရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ 

သံသယရှိသူနှစ်ဦးစလုံးဟာ ၎င်းတို့ရဲ့ ယာယီခိုလှုံရေးစခန်းပြင်ပသို့ တရားမဝင်ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေခဲ့ကြတာဖြစ်ပြီး လူသတ်မှုအကြောင်းအရင်းကိုတော့ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိသူနှစ်ဦးကို မဲ့ချအမ်းရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ khaosod သတင်းအရ သိရပါတယ်။

သတင်း – khaosod 

Share.
Leave A Reply

Exit mobile version