ထိုင်းနိုင်ငံမှာ အလုပ်သမားအဖြစ် အလုပ်လုပ်နေတဲ့အခါ လူမှုဖူလုံရေးရန်ပုံငွေ (Social Security fund ) ကို လစဉ်အနေနဲ့ပေးသွင်းရပါတယ်။ ဒါကတော့ “ပကန်စခွန်” လို့လည်းခေါ်ကြပါတယ်။ ဒီစနစ်မှာ ပေးသွင်းထားသူတွေကို နာမကျန်းဖြစ်ချိန်၊ အလုပ်လက်မဲ့ဖြစ်ချိန်၊ အိုမင်းချိန်၊ သေဆုံးချိန် နဲ့ သားသမီးမွေးဖွားချိန်အထိ အထောက်အပံ့တွေ ပေးပါတယ်။
အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအနေနဲ့ ပကန်စခွန် ရှိနေတုန်း ကလေးမွေးဖို့ ပြင်ဆင်တဲ့အခါ အခွင့်အရေးအချို့ ရှိပါတယ်။
အရင်ဆုံး မိခင်က ကိုယ်ဝန်ဆောင်နေတဲ့အချိန်အတွင်း စစ်ဆေးဖို့ သွားတာ၊ ဆေးရုံမှာ ကုသတာ၊ ဆေးဝါးကုန်ကျစရိတ်တွေနဲ့ ကလေးမွေးဖို့အတွက် ကုသမှုတွေကို လူမှုဖူလုံရေးက ထောက်ပံ့ပေးပါတယ်။ ယဘူယျအားဖြင့် ဆေးရံတက် ကလေးမွေးတဲ့အခါ မိခင်အတွက်ဆရာဝန်နဲ့ ဆေးဝါးကုန်ကျစားရိတ်တွေ သက်သာခွင့် ရမှာ ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို ရဖို့ဆိုရင်တော့ ၁၅ လအတွင်း ၅ လအနည်းဆုံး ပကန်စခွန် ပေးသွင်းထားဖူးရပါမယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ဆေးရုံတက်ရတဲ့အခါ ကုသရပုံခြင်း မတူတာကြောင့် တချို့အခြေအနေတွေမှာ ထပ်ဆောင်းကုန်ကျစားရိတ်တွေ ရှိလာနိုင်ပါတယ်။
အရေးကြီးတာက သတ်မှတ်ထားတဲ့ လူမှုဖူလုံရေး ဆေးရုံမှာ ကုသတာမျိုးမှသာ ဒီအခွင့်အရေးတွေကို ရနိုင်တာဖြစ်ပြီး သတ်မှတ်ထားတဲ့ ဆေးရုံမဟုတ်ဘဲ သွားပြရင်တော့ ကုန်ကျစရိတ် တစ်ချို့ကို ပေးရနိုင်ပါတယ်။
မွေးဖွားချိန်မှာတော့ မိခင်အနေနဲ့ ရက်၉၀ အထိ အလုပ်နားယူခွင့်ရပြီး၊ နားနေတဲ့ ရက်တွေအတွက် လစာ ၅၀ ရာခိုင်နှုန်းကိုလည်း ရနိုင်ပါတယ်။ကလေးမွေးပြီးတဲ့နောက်မှာလည်း မိခင်တစ်ဦးအနေနဲ့ ကလေးအတွက် လစဉ်ထောက်ပံ့ငွေ ကိုလည်း ရနိုင်တာဖြစ်ပြီး ဒီအတွက်ကတော့ ၁၅ နှစ်မပြည့်သေးတဲ့ကလေး ၃ ယောက်အထိ ခံစားခွင့်ရှိတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခွင့်အရေးကိုရဖို့အတွက်လည်း ၃ နှစ်အတွင်း အနည်းဆုံး ၁ နှစ်စာ ပကန်စခွန်ပေးသွင်းထားဖူးဖို့ လိုပါတယ်။
ထိုင်းမှာနေထိုင်တဲ့ တရားဝင် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ပကန်စခွန်နဲ့ ဒီလိုအခွင့်အရေးတွေ ရယူနိုင်တာကြောင့် စောစောစီးစီး စာရွက်စာတမ်းတွေ ပြုလုပ်ထားပြီး လူမှုဖူလုံရေးရုံးနဲ့ ဆက်သွယ်ထားဖို့ အရေးကြီးပါတယ်။
Ref : RSM