ပန်းရောင်ကဒ်လို့ ခေါ်တဲ့ ထိုင်း အထောက်အထားမှတ်ပုံတင်ကဒ် သင့်မှာ ရှိပြီဆိုပါစို့။ ဒီ ပန်းရောင်ကဒ် ရှိထားလိုက်တာနဲ့ ကိုယ့်မှာ ဘာအခွင့်အရေးတွေ ရှိသွားပြီလဲ၊ ဘာတွေ လုပ်လို့ ရပြီလဲ ဒါတွေကို ဒီနေ့ ပြောပြမယ်နော်/ပြောပြပေးပါမယ်။ 

ဘယ်နေရာမှာ သုံးလို့ရလဲ

ပန်းရောင်ကဒ်ရှိတာကြောင့် ကိုယ့်မှာ တရားဝင် ထိုင်း ID နံပါတ် ရှိလာပါတယ်။ ဒါကြောင့် အစိုးရနဲ့  ပုဂ္ဂလိကဌာနတွေမှာ ဝန်ဆောင်မှုတွေအသုံးပြုတာ၊  ခရီးသွားတာ နဲ့ ဆေးရုံဝန်ဆောင်မှုတွေလို လုပ်ငန်းစဉ်တွေအတွက် ပန်းရောင်ကဒ်ကို အသုံးပြုနိုင်ပါတယ်။ 

ထိုင်းမှာ ဆေးရုံဆေးခန်းသွားတဲ့အခါ အထောက်အထားစာရွက်စာတမ်း တောင်းသမျှအကုန်ပြရတာမို့ နည်းနည်းအလုပ်ရှုပ်ပါတယ်။ ဒါပေမယ့် ပန်းရောင်ကဒ်ရှိနေရင် အစိုးရဆေးရုံတွေမှာ ပြနိုင်ဖို့ အထောက်အထားတစ်ခုအနေနဲ့ အသုံးပြုနိုင်ပါတယ်။
ဆေးရုံတွေမှာ စာရွက်စာတမ်းတွေ မကြာခဏ ပြသနေစရာမလိုတော့ပါဘူး။ 

နောက်တစ်ခုအနေနဲ့ ကိုယ်ကထိုင်းနိုင်ငံတွင်းခရီးသွားတဲ့အခါ ရထား၊ ဘတ်စ်ကား စတာတွေမှာ ID အဖြစ် သုံးလို့ရပါတယ်။

ပြီးရင် ထိုင်းမှာခုနောက်ပိုင်း ဘဏ်အကောင့်ဖွင့်ဖို့ အခတ်အခဲတွေရှိနေပါတယ်။ ဒါပေမယ့် ပန်းရောင်ကဒ်ရှိရင်တော့  ဘဏ်အကောင့်ဖွင့် ရတာပိုလွယ်ပါတယ်။ 

နောက်တစ်ခုက ထိုင်းယာဉ်မောင်းလိုင်စဉ်ရဖို့အတွက်လည်း ပန်းရောင်ကဒ်ကိုအသုံးပြုလို့ရပါတယ်နော်။ 

ပန်းရောင်ကဒ်ရှိတဲ့အခါ အလုပ်ရှာဖွေရတာ အထောက်အထားပြရတာ ပိုလွယ်ပါတယ်။ ကိုယ်ကထိုင်းမှာနေထိုင်နေတာဖြစ်တဲ့အတွက် အိမ်ငှါးဖို့ အထောက်အထား ID အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ 

ဘယ်သူတွေလျှောက်လို့ရလဲ 

  • ထိုင်းမှာ ရေရှည်နေထိုင်နေတဲ့သူတွေ
  • တရားဝင်ဗီဇာရှိသူ 
  • Yellow book ရှိသူ 
  • ထိုင်းလူမျိုးနဲ့ လက်ထပ်ထားသူ
  • အလုပ်လုပ်ဖို့ work permit ရှိသူတွေအနေနဲ့ ပန်းရောင်ကဒ်ကိုလျှောက်ထားလို့ရပါတယ်။ 

ဘယ်လိုလုပ်ရမလဲ 

ပန်းရောင် ID ကဒ်ကို မိမိနေထိုင်ရာ ခရိုင်အုပ်ချုပ်ရေးရုံးမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ လျှောက်ထားလို့ရပါတယ်။ 

ပန်းရောင်ကဒ် ( pink card) က ထိုင်းနိုင်ငံမှာ ရောက်ရှိနေထိုင်နေတဲ့ နိုင်ငံခြားသားတွေအတွက် ထိုင်းအစိုးရက ထုတ်ပေးတဲ့ တရားဝင် မှတ်ပုံတင်အထောက်အထားတစ်ခုဖြစ်ပါတယ်။ဒီကဒ်က  မြန်မာလူမျိုးအပါအဝင် ထိုင်းမှာနေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက် တကယ်အသုံးဝင်တဲ့ အထောက်အထားတစ်ခုဖြစ်ပါတယ်နော်။

Share.
Leave A Reply

Exit mobile version