ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအတွက် လစဉ်ကြေး ဘတ် ၃၀၀ သာကျသင့်မယ့် ထိုင်းဘာသာစကား သင်တန်းတစ်ခုကို ဖန်ငါခရိုင်၊ တာကွာပါမြို့နယ်မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ဒီသင်တန်းကို ပညာရေးနှင့် တိုးတက်ရေးဖောင်ဒေးရှင်း FED (foundation for Education and development ) ကနေ ထိုင်းရောက်မြန်မာလုပ်သားများအတွက် ရည်ရွယ် ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်။ 

ရွေ့ပြောင်းမြန်မာတွေအတွက် နေ့စဉ်ဘဝမှာ လိုအပ်တဲ့ အခြေခံထိုင်းဘာသာစကား အပြင် လုပ်ငန်းခွင်အတွင်းအသုံးဝင်ဖို့နဲ့ ထိုင်းလူမှုရေး အခြေအနေတွေကို ပိုမိုနားလည်နိုင်စေဖို့ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ပေးလိုက်တာပါ။ 

“သင်တန်းတက်ရောက်ဖို့အတွက် လူဦးရေ ကန့်သတ်ထားတာမျိုး မရှိပါဘူး။ သင်တန်းကာလအနေနဲ့ (၄) လ ခန့်မှန်းထားပေမယ့် ဆရာဆရာမတွေနဲ့ ကျောင်းသားတွေညှိနှိုင်းပြီး လိုအပ်ရင်လိုအပ်သလို ဘာသာစကားကို မှန်ကန်စွာအသုံးပြုနိုင်တဲ့အထိ ဆက်လက်သင်ကြားတာမျိုးလဲ ရှိနိုင်ပါတယ်” လို့ ကျောင်းတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ 

ကုန်ကျစရိတ်

သင်တန်းသားတစ်ဦးလျှင် မှတ်ပုံတင်ကြေး ဘတ်၂၀၀ ပေးသွင်းပြီး လစဉ်ကြေးအနေနဲ့ တစ်လကို ဘတ် ၃၀၀ သာပေးသွင်းရမှာပါ။ 

ဘယ်သူတွေတက်လို့ရမလဲ 

သင်တန်းကို ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ အသက် ၁၆ နှစ်နဲ့အထက် မြန်မာရွှေ့ပြောင်းအလုပ်သမား မည်သူမဆို  လာရောက်သင်ကြားနိုင်ပါတယ်။ 

သင်တန်းကာလ/ အချိန်

သင်တန်းကာလအနေနဲ့ (၄) လ ခန့်မှန်းထားပြီး သင်တန်းချိန်အနေနဲ့ကတော့ အပတ်စဉ် တနင်္ဂနွေနေ့ နံနက် (၈:၃၀) မှ (၁၀:၃၀) အထိဖြစ်ပါတယ်။ 

လျှောက်လွှာလက်ခံမယ့်အချိန်

၂၀၂၅ ခုနှစ် ဇွန်လ (၈) ရက်နေ့ နံနက် ၉:၀၀ ကနေ နေ့လည် ၁၂:၀၀ နာရီထိ လျှောက်လွှာလက်ခံသွားမယ်လို့ သိရပါတယ်။ 

တည်နေရာ 

သင်တန်းတက်ရောက်မယ့်သူတွေအနေနဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါခရိုင်၊ တာကွာပါမြို့နယ် ၊ ခီးခတ်ကျေးရွာ (ထုံခမင်း) မှာရှိတဲ့ ရွှေ့ပြောင်းမြန်မာကလေးများကျောင်း ULC မှာသင်တန်းတက်ရောက်ရမှာဖြစ်ပါတယ်။ 

Share.
Leave A Reply

Exit mobile version