ထိုင်းတွေရဲ့ လုပ်ငန်းခွင်ဟာ ယဉ်ကျေးမှုဟာ မြန်မာတွေနဲ့ နီးစပ်သယောင် ရှိပေမယ့် အချို့ မတူတာလေးတွေ ရှိပါတယ်။
ထိုင်းလုပ်ငန်းခွင်အတွင်း ကိုယ်က ရောက်နေပြီဆိုရင် ထိုင်းတွေဟာ လုပ်ငန်းခွင်မှာ ဘယ်လို စိတ်ထားတတ်ကြတယ်၊ သူတို့ ဘာတွေကို လေးစားကြလဲ၊ ဘာတွေကို တန်ဖိုးထားလဲ၊ ဝန်ထမ်းခြင်း ဆက်ဆံရေး ဘယ်လို ရှိတတ်ကြလဲ ဒါတွေ သိထားရပါမယ်။ ဘယ်လိုနှုတ်ဆက်ကြလဲ ဆိုတာနဲ့ အခြား အခြေခံ ရှောင်ရန် ဆောင်ရန်တွေကိုတော့ ရှေ့ဗီဒီယိုမှာ ပြောခဲ့ပြီးပြီနော်၊ မကြည့်ရသေးရင် ပြန်ရှာကြည့်လို့ ရပါတယ်။
နာမည်ရှေ့က “ခွန်” Khun
မြန်မာမှာဆို ကို ဘယ်သူ၊ မ ဘယ်သူဆိုပြီး လေးစားသမှုနဲ့ ခေါ်ကြတယ်မလား။ ထိုင်းမှာလည်း ဒီလိုပါပဲ။ ကိုယ်နဲ့ မရင်းနှီးသေးတဲ့ လုပ်ငန်းခွင်ထဲက သူတွေကဆို နာမည်ရှေ့က “ခွန်” လေးတစ်လုံး တပ်ခေါ်ရင် ပိုအဆင်ပြေမှာ။ ထိုင်းလူမျိုးတွေကတော့ အမျိုးသမီးရော၊ အမျိုးသားပါ “ခွန်” ဆိုပြီး နာမည်ရှေ့က တပ်ခေါ်လို့ ရတယ်။ အဓိကကတော့ လုပ်ဖော်ကိုင်ဖက် အားလုံးကို လေးစားသမှုနဲ့ ဆက်ဆံရမယ်။ ဒါအရမ်း အရေးကြီးတဲ့ အချက်နော်။
ကြီးစဉ်ငယ်လိုက် ဆက်ဆံရေး
ဒါက ထိုင်းအလုပ်ထဲမှာမှ မဟုတ်ဘူး။ အပြင်မှာလည်း အရေးကြီးတယ်။ မြန်မာနဲ့ အတော်တူတယ်။ ကိုယ့်ထက် အသက်ကြီးသူ၊ ရာထူးကြီးသူ၊ ဝါ အားဖြင့် ကြီးသူတွေကို လေးစားသမှု ပေးကို ပေးရတယ်။ ကိုယ့်ထက် အသက်ကြီးသူ တစ်ယောက်က ရာထူးမကြီးနေရင်တောင် ကိုယ်က လေးစားသမှုနဲ့ ဆက်ဆံဖို့ ထိုင်းတွေ မျှော်လင့်တတ်ကြတယ်။ မြန်မာမှာလည်း ဒီယဉ်ကျေးမှု ရှိပြီးသားမို့ မြန်မာတွေအတွက် ကျင့်သုံးဖို့ မခက်ပါဘူး။ လက်တွေ့ ကျင့်သုံးကြဖို့ တိုက်တွန်းပါတယ်နော်။
ဒဲ့ မပြောရ
မြန်မာမှာ နိုင်ငံခြားသား ဒါမှမဟုတ် ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုကြတဲ့ လုပ်ငန်းခွင်ထဲ နေခဲ့ဖူးသူတွေအတွက် ဒါက လုံးဝ သတိထားစရာပါနော်။ ထိုင်းလူမျိုးတွေက အများသူငါရှေ့ ဒဲ့တိုး ဝေဖန်ထောက်ပြတာတွေ သိပ်မကြိုက်တတ်ကြဘူး။ အဓိကကတော့ လုပ်ငန်ခွင် ဆက်ဆံရေး ဟန်ချက်ပျက်မှာ၊ အဖုအထစ် ဖြစ်မှာကို မလိုလားကြဘူး။ ဥပမာ လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ အပြစ်ပြောတာ၊ ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုးတွေ ရှောင်နိုင်ရင် အကောင်းဆုံးပဲ။ အဲဒီအစား ထိုင်းလူမျိုးတွေက တစ်ဦးချင်း သီးသန့် ဆွေးနွေးပြီး ညှိနှိုင်းရတာ ပိုသဘောကျကြတယ်လို့ ပြောတယ်။
ဒီအချက်တွေအပြင် ရှေ့မှာ ပြောထားဖူးတဲ့
တခြားသူကို လက်ညှိုးထိုးတာ
လူနှစ်ဦးကြားဖြတ်တဲ့အခါ ခေါင်းမငုံ့တာ
တခုခုကို ခြေထောက်နဲ့ ထိုးပြတာတွေလည်း မလုပ်ရပါဘူးနော်။အားလုံး အလုပ်အကိုင်တွေ အဆင်ပြေကြပါစေ။
+++