ဘန်ကောက်မှာ မေကနေ အောက်တိုဘာလောက်ထိ မိုးရွာတယ်။ မိုးရွာပြီဆို ရေကြီးကားပိတ်တာမျိုးတွေက ဖြစ်နေကျပဲ။ ဒါပေမယ့် ဘန်ကောက် မိုးတွင်းမှာ တခြား သတိထားသင့်တာတွေလည်း ရှိသေးတယ်။
အက်ဆီးဒင့်
ဒီစာရေးနေတဲ့ အချိန်မှာတောင် ပြီးခဲ့တဲ့နှစ်ရက်လောက်က ဘန်ကောက်မှာဖြစ်ခဲ့တဲ့ သတင်းတစ်ပုဒ်ကို သတိရမိတယ်။ မိုးရွာထဲ ဆိုင်ကယ်မောင်းလာရင်း အက်ဆီးဒင့်ဖြစ်လို့ မြန်မာလူမျိုးလင်မယားနှစ်ယောက် ဆုံးသွားတယ်။ မိုးရာသီမှာ ဆိုင်ကယ်တွေ၊ကားတွေမောင်းရင် သေချာလေးသတိထားဗျ။ ထိုင်းမှာအဖြစ်များဆုံး ယာဉ်တိုက်မှုပုံစံတွေကို ကျွန်တော်တို့ ရေးပေးဖူးတယ်။ ပြန်ရှာဖတ်ကြည့်ပေးပါ။
မိုးရွာ၊ရေကြီး
ဘန်ကောက်မှာ မိုးရွာရင် ရေကြီးတတ်တဲ့နေရာတွေရှိပါတယ်။ ထုံဘူရီ၊ ချတ်တူချက်နဲ့ ဘန်ခန်က တချို့နေရာတွေမှာလို ရေကြီးရင် သတိထားရမယ့်နေရာတွေရှိတယ်။
အစ်ကိုတို့အမတို့ နေတဲ့နေရာတွေက ရေကြီးလေ့ရှိလား။ ဒါကိုလေ့လာထားရမယ်။ ကြိုပြင်လို့ရတာလေးတွေ ကြိုပြင်ထားပေါ့။
ကျန်းမာရေး
ဘန်ကောက်မှာလည်း မိုးတွင်းဖြစ်တဲ့ ခြင်၊ယင်နဲ့ ရာသီတုပ်ကွေး၊ရောဂါတွေကို သတိထားဗျ။ ကလေးငယ်ငယ်ရှိတဲ့အိမ်ဆို ပိုလို့တောင်သတိထားပေး။
ကျွန်တော်နေတဲ့အခန်းကလည်း ကျဉ်းတော့ မိုးရာသီရောက်ရင် အသက်ရှုမဝသလိုဖြစ်တယ်။ မေးကြည့်တော့ ကျွန်တော့်လိုဖြစ်တဲ့သူတွေရှိတယ်။ အခန်းက စိုထိုင်းဆများတာကြောင့်ပါ။ ကလေးငယ်တွေ၊ အသက်ရှုလမ်းကြောင်းပြဿနာရှိတဲ့လူတွေလည်း ဒီလိုဖြစ်တတ်ကြတယ်။ တတ်နိုင်ရင် စိုထိုင်းဆရှင်းပေးတဲ့ dehumidifier တစ်လုံးလောက်ဝယ်ထားလိုက်ဗျ။ ကျွန်တော်တော့ တော်တော်အဆင်ပြေသွားတယ်။
သွားလာရေး
ယာဉ်ကြောပိတ်တဲ့ ကိစ္စကတော့ အပြင်ထွက်မယ်ဆိုတာနဲ့ စဉ်းစားပြီးသားပါပဲ။ ဒါပေမယ့် မိုးရာသီဖြစ်တဲ့အတွက် မိုးကြောင့်ဖြစ်လာနိုင်တဲ့ လမ်းပိတ်၊ယာဉ်ပိတ် ဖြစ်တာတွေကိုလည်း ထည့်တွက်ထားဗျ။ အရေးကြီးကိစ္စတွေ လွဲသွားနိုင်တယ်။
လုပ်ငန်းခွင်
အပြင်ဘက်မှာ လုပ်ရတဲ့ အကိုတို့အမတို့တွေ မိုးရာသီလုပ်ငန်းခွင် အန္တာရယ်တွေလည်း ဂရုစိုက်ပါဗျ။ လျှပ်စစ်လို ကိစ္စတွေ မိုးတွင်းမှာ သတိထားဗျ။ လုပ်ငန်းခွင် လုံခြုံရေးအတွက် သတ်မှတ်ထားတာလေးတွေကိုလည်း ဖြစ်နိုင်ရင် သေချာလေး လိုက်နာပေးပါ။ ဘန်ကောက်မှာ လုပ်ငန်းခွင်မတော်တဆတွေက ခဏခဏဖြစ်တယ်။ အကြီးအသေးပဲ ကွာတယ်။ မိုးရာသီဆို ပိုဂရုစိုက်ရမှာပါဗျာ။