အလိုမတူဘဲ ရေပက်ခြင်း

ရေပက်မခံချင်တဲ့လူကို ရေပက်ခွင့်မရှိပါဘူး။ ပြစ်ဒဏ်ဟာ ဒဏ်ငွေ တစ်သောင်းကနေ ထောင်ဒဏ်တစ်လထိရှိပါတယ်။ ထောင်ဒဏ်၊ငွေဒဏ်နှစ်ရပ်စလုံးလည်း ရှိပါတယ်။
ကိုယ်ရဲ့ ရေပက်ခြင်းအပြုအမူကြောင့် တခြားသူရဲ့ ပိုင်ဆိုင်မှု ပျက်စီးထိခိုက်မယ်ဆိုရင်လည်း ဒဏ်ငွေ ဘတ်ခြောက်သောင်းကနေ ထောင်ဒဏ်သုံးနှစ်ထိရှိပါတယ်။ ဥပမာ – ဖုန်းလို ပစ္စည်းမျိုး ရေစိုသုံးမရဖြစ်ခဲ့ရင် ဒီဥပဒေထဲ အကျုံးဝင်ပါတယ်။

မူးပြီးမောင်း

ဆုန်ခရမ်မှာ မူးပြီးမောင်းတာကြောင့်ဖြစ်တဲ့ မတော်မဆမှုဟာ နှစ်တိုင်း မြင့်တက်နေပါတယ်။ မူးပြီးမောင်းခဲ့မယ်ဆိုရင်တော့ ဒဏ်ငွေ ဘတ်ငါးထောင်ကနေ နှစ်သောင်းထိရှိပါမယ်။ ထောင်ဒဏ်ဆို တစ်နှစ်အောက်ထိရှိပါတယ်။ ထောင်ဒဏ်၊ငွေဒဏ်နှစ်ရပ်စလုံးလည်း ကျခံရနိုင်ပါတယ်။

ဖိအားပြင်းရေသေနတ်

ဖိအားအလွန်ပြင်းတဲ့ ရေသေနတ်မျိုးကို အသုံးပြုပြီး ရေကစားတာဟာ ဥပဒေပုဒ်မ ၂၉၅ နဲ့ အကျုံးဝင်ပါတယ်။ ငွေဒဏ်ဆို ဘတ် လေးထောင်အောက်ထိ ရှိပြီး ထောင်ဒဏ်ဆို နှစ် နှစ်အောက်ထိ ရှိပါတယ်။

လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း

အလိုမတူဘဲ တခြားသူရဲ့ခန္ဓာကိုယ်ကို ထိပါးကိုင်တွယ်ခြင်းဟာလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနဲ့ အကျုံးဝင်ပါတယ်။ ရာဇဝတ်မှုလည်းမြောက်ပြီး ထောင်ဒဏ် ဆယ်နှစ်ထိနဲ့ ငွေဒဏ် ဘတ်နှစ်သိန်းထိ ဒဏ်တပ်ခံရနိုင်ပါတယ်။

ကလေးသူငယ်များကို အရက်သေစာရောင်းချခြင်း

ထိုင်းမှာ အသက် ၂၀ အောက်ကို အရက်ရောင်းလို့မရပါဘူး။ ထောင်ဒဏ် တစ်နှစ်နဲ့ ငွေဒဏ် ဘတ် နှစ်သောင်း ဖြစ်ပါတယ်။ တားမြစ်နေရာတွေရှိပြီး အရက်ရောင်းလို့မရပါဘူး။ အဆိုပါနေရာတွေမှာ ရောင်းမယ်ဆိုရင် ထောင်ဒဏ် ခြောက်လကနေ ငွေဒဏ် ဘတ်နှစ်သောင်းထိ ရှိပါတယ်။

မဖွယ်မရာ ဝတ်စားဆင်ယင်ခြင်း

ဆုန်ခရမ်ကာလအတွင်း ဝတ်စားဆင်ယင်မှုကို ထိန်းသိမ်းခြင်းနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က နှိုးဆော်ထားပါတယ်။ မဖွယ်မရာဝတ်စားဆင်ယင်ခြင်းဟာ ပုဒ်မ ၃၈၈ နဲ့ငြိပြီး ဒဏ်ငွေ ဘတ် ငါးထောင်ထိ ဆောင်ရနိုင်ပါတယ်။

တရားမဝင်ရေပက်ခံကား

လိုင်စင်နံပတ်ပြားဖြုတ်ပြီး ရေပက်ခံကားလုပ်လို့မရပါဘူး။ ဥပဒေနဲ့ငြိလောက်အောင် ရေပက်ခံကားကို ပြင်ဆင်တာတွေ မလုပ်ရပါဘူး။ လုံခြုံစိတ်ချစွာ မောင်းနှင်နိုင်တဲ့ ရေပက်ခံကား ဖြစ်ဖို့ ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။ မလိုက်နာတဲ့ ရေပက်ခံကားဟာ ဒဏ်ငွေ ငါးသောင်းထိ ပေးဆောင်ရနိုင်ပါတယ်။

သေနတ်ဖောက်ခြင်း

မိုးပေါ်သေနတ်ထောင်ဖောက်တာလုပ်လို့မရပါဘူး။ အသံကျယ်ပြီး လူစိတ်ဝင်စားမှုရတယ်ဆိုပေမယ့် လက်နက်ဥပဒေနဲ့ ငြိပါတယ်။ ထောင်ဒဏ် ငါးနှစ်ထိ ရှိပါတယ်။

https://www.thaipbs.or.th/news/content/351039
Share.
Leave A Reply

Exit mobile version