ယခုနှစ်သင်္ကြန်ကာလ အိမ်ပြန်မယ့် ရွှေ့ပြောင်းအလုပ်သမားတွေဟာ အထွက်တုံးထုစရာမလိုဘူးလို့ သိရပါတယ်။
ဧပြီ ၁ ရက်နေ့ကနေ မေ ၁၅ ရက်နေ့ကြားထဲ အိမ်ပြန်မယ့် ရွှေ့ပြောင်းအလုပ်သမားတွေဟာ အထွက်တုံး (Re-entry) တုံးထုစရာမလိုဘဲ သွားလာခွင့်ရမှာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက မတ်လ အတွင်းက ကြေငြာထားပါတယ်။
အိမ်နီးချင်းနိုင်ငံက လာရောက်လုပ်ကိုင်တဲ့ အလုပ်သမားတွေအတွက် သင်္ကြန်တွင်း သွားလာစရိတ်လျော့ချပေးဖို့နဲ့ လွယ်ကူစေဖို့ ရည်ရွယ်ပြုလုပ်တာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမားရေးရာဝန်ကြီးကလည်း ထိုင်းသတင်းတစ်ရပ်မှာ ပြောကြားထားပါတယ်။ “ရွှေ့ပြောင်းလုပ်သားတွေက ထိုင်းစီးပွားရေးကို အဓိက တွန်းအားဖြစ်စေသူတွေပါ။ ဒီလို လုပ်ပေးခြင်းအားဖြင့် ပိုပြီးတက်ကြွလာတဲ့ စိတ်နဲ့အတူ လုပ်ငန်းခွင်ကို ပြန်လာနိုင်မှာ ဖြစ်ပါတယ်” လို့ အလုပ်သမားရေးရာဝန်ကြီးက ပြောထားပါတယ်။
ဒီအစီစဉ်ကြောင့် ထိုင်းမှာ လာရောက်လုပ်ကိုင်တဲ့ အလုပ်သမားတွေဟာ အထွက်တုံးထုခ ဘတ် တစ်ထောင် သက်သာသွားမှာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားရဲ့ ၁၈ နှစ်အောက် မိသားစုဝင် ကလေးငယ်တွေဟာလည်း ဒီကင်းလွတ်ခွင့်မှာ ပါဝင်ပါတယ်။
မေ ၁၅ ရက်နောက်ပိုင်း ပြန်လာဖို့ စီစဉ်ထားသူတွေကတော့ အထွက်တုံး ထုဖို့ လိုအပ်မှာဖြစ်ပါတယ်။