စမူပကန်ခရိုင်က စားသောက်ကုန်စက်ရုံတစ်ရုံမှာ နေ့စားရှင်းစနစ်ကနေ အပြတ်ရှင်း(ပုတ်ပြတ်)စနစ်ကို ပြောင်းဖို့ လက်မခံတဲ့ မြန်မာအလုပ်သမား ၁၆၉ ဦးကို အလုပ်ထုတ်လိုက်တယ်လို့ သိရပါတယ်။ အမျိုးသား ၈၅ဦးနဲ့ အမျိုးသမီး ၈၄ ဦးပါဝင်တယ်လို့ သိရပြီး အဆိုပါ စက်ရုံမှာ အလုပ်လုပ်ကိုင်နေတာ ၆ နှစ်အထိ လုပ်သက်ရှိသူတွေလည်း ပါဝင်ပါတယ်။ 

နိုဝင်ဘာလ ၈ ရက် နံနက်ပိုင်းမှာ စက်ရုံတာဝန်ရှိသူတွေက လက်ရှိရနေတဲ့ နေ့စားစနစ် ကို ပယ်ဖျက်ပြီး ပုတ်ပြတ်စားစနစ်ကို အတင်းအကျပ် ပြောင်းခိုင်းခဲ့တယ်လို့ ဆိုပါတယ်။အလုပ်သမားတွေက ဒီစနစ်ကို မလုပ်နိုင်ကြောင်း ငြင်းဆိုတဲ့အခါ စက်ရုံဘက်က မလုပ်နိုင်ရင် အလုပ်ထွက် လို့ ပြောပြီးတဲ့နောက် အလုပ်ကနေ ချက်ချင်း ထုတ်ပစ်လိုက်တယ်လို့ အလုပ်သမားတွေအဆိုအရ သိရပါတယ်။ 

အလုပ်ထုတ်ခံရပြီးတဲ့နောက် အလုပ်ရှင်ဆီကနေ ရစရာရှိတဲ့ လုပ်အားခအနေနဲ့ ၁ ဦးလျှင် ၄,၄၆၄ ဘတ်နှုန်း နဲ့ စုစုပေါင်း ၇၅၄,၄၁၆ ဘတ် ရရန် ကျန်နေသေးတယ်လို့ သိရပါတယ်။ အချိန်ပိုကြေး အနေနဲ့လည်း စုစုပေါင်း ၁၅၈,၀၀၀ ဘတ် ရရန် ကျန်ရှိတယ်လို့ သိရပါတယ်။၊ အလုပ်သမားတွေရဲ့ သဘောတူညီမှုမပါဘဲ လစာထဲကနေ စုကြေးငွေ ၃၅၀,၀၀၀ ဘတ် ကိုလည်း စက်ရုံဘက်က ဖြတ်တောက်ထားအကြောင်း အလုပ်သမားအဖွဲ့က WAG အလုပ်သမားမဟာမိတ်အဖွဲ့ကို ပြောထားပါတယ်။ 

အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမား ၁၆၉ ဦးဟာ WAG အလုပ်သမားမဟာမိတ်အဖွဲ့ ထံ အကူအညီ တောင်းခံခဲ့ကြတယ်လို့ သိရပါတယ်။သူတို့ရဲ့ အဓိက တောင်းဆိုချက်တွေကတော့ အလုပ်ပြန်ဝင်ခွင့် ရရှိဖို့ ၊ အလုပ်သမားခံစားခွင့် ဥပဒေနဲ့အညီ အပြည့်အဝ ရရှိဖို့နဲ့ အလုပ်ပြန်မရရင် ထိုက်တန်တဲ့ နစ်နာကြေး ပေးဖို့အပြင် စာရွက်စာတမ်းဆိုင်ရာ ကိစ္စတွေ (ဥပမာ- အလုပ်ရှင်ပြောင်းလဲမှု) စတာတွေ အပြီးသတ် ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ WAG အဖွဲ့ကတော့ ဒီကိစ္စကို လက်ခံပြီး ဆက်လက် ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

Share.
Leave A Reply

Exit mobile version