ဖူးခက်လူဝင်မှုကြီးကြပ်ရေးရုံးက မနေ့က နိုဝင်ဘာ ၁၂ရက်နေ့ မှာ ထုတ်ပြန်တဲ့ သတင်းအရ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဗျူရိုဟာ ဗီဇာကင်းလွတ်ခွင့်နဲ့ ခဏခဏ ဝင်/ထွက်လုပ်ပြီး ဗီဇာ အလွဲသုံးစားလုပ်နေတဲ့ နိုင်ငံခြားသားတွေကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်တော့မယ်လို့ သိရပါတယ်။ လူဝင်မှုကြီးကြပ်ရေး ပြောခွင့်ရသူ ဒုတိယရဲမှူးချုပ် က ခရီးသွားဟန်ဆောင်ပြီး ရာဇဝတ်မှုတွေ၊ အထူးသဖြင့် ဆိုက်ဘာမှုခင်း၊ ငွေကြေးခဝါချမှု၊ လူကုန်ကူးမှု စတာတွေနဲ့ ဆက်နွှယ်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေသူတွေကို တားဆီးဖို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

လူဝင်မှုကြီးကြပ်ရေးအဖွဲ့က စစ်ဆေးရေးလုပ်ငန်းတွေ တိုးမြှင့်ဖို့အတွက် အချက် (၄) ချက်ကို အလေးပေး ဆောင်ရွက်မယ်လို့ ကြေညာခဲ့ပါတယ်။

(၁) တရားဝင် အကြောင်းပြချက် မရှိဘဲ ဗီဇာကင်းလွတ်ခွင့်နဲ့ နှစ်ကြိမ်ထက်ပိုပြီး ဝင်လာသူတွေကို ချက်ချင်း ဝင်ခွင့် ငြင်းပယ်မှာ ဖြစ်ပါတယ်။ရဲမှူးချုပ်ရဲ့ ပြောကြားချက်အရ ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက နိုင်ငံခြားသား ၂,၉၀၀ ခန့်ကို ဝင်ခွင့် ငြင်းပယ်ပြီးပြီလို့ သိရပါတယ်။

(၂) လိမ်လည်မှုကွန်ရက်တွေနဲ့ ဆက်စပ်ပြီး မဲဆောက်-မြဝတီ လမ်းကြောင်းကနေ နှင်ထုတ်ခံရဖူးသူတွေ ထိုင်းကို ပြန်ဝင်ဖို့ လုံးဝမရတော့ပါဘူး။

(၃) အလွဲသုံးစားလုပ်ပြီး ခဏခဏ ဗီဇာတိုးသူတွေကို စိစစ်ပြီး လိုအပ်ရင် သက်တမ်းတိုးခွင့် ရုပ်သိမ်းကာ ပြည်နှင်ဒဏ်ပေးမှာ ဖြစ်ပါတယ်။

(၄) တစ်နိုင်ငံလုံးမှာ ဗီဇာသက်တမ်း ကျော်လွန်နေသူတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ပိုမိုအရှိန်မြှင့်လုပ်ဆောင်သွားမှာ ဖြစ်ပြီး လုပ်ဆောင်ချက်ရလဒ်တွေကိုလည်း လူသိရှင်ကြား ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ 

စစ်ဆေးမှုတွေ တင်းကျပ်လာတာကြောင့် လေဆိပ်တွေမှာ အထူးသဖြင့် ခရီးသည်အများဆုံးအချိန်တွေမှာ နိုင်ငံကူးလက်မှတ် စစ်ဆေးတာ အနည်းငယ် နှေးကွေးနိုင်တယ်လို့ ရဲမှူးချုပ်က ဝန်ခံခဲ့ပါတယ်။ လူတစ်ယောက်ကို စစ်ဆေးချိန်က ပုံမှန်အားဖြင့် ၄၅ စက္ကန့် ပဲ ကြာပါမယ်။ ခရီးသည် အများဆုံး ဝင်ချိန်တွေမှာတော့ မိနစ် ၄၀ ကျော် စောင့်ရနိုင်ခြေရှိပါတယ်။အာမခံချက်အနေနဲ့ စိုးရိမ်စရာမလိုအောင် စစ်ဆေးရေး လမ်းကြောင်းတိုင်းမှာ အရာရှိ အပြည့်အစုံ ချထား မှာဖြစ်တယ်လို့ Phuket သတင်းအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version