နိုဝင်ဘာ ၅ ရက်နေ့ လွိုင်ကထုန်ပွဲတော်နေ့မှာ ယာဉ်ကြောစစ်ဆေးရေး လုပ်နေတဲ့ အဝေးပြေးရဲတပ်ဖွဲ့ဝင်တွေဟာ အယုဒ္ဓယမြို့အနီးက အာရှလမ်းမကြီးပေါ်မှာသံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကို တားဆီးစစ်ဆေးရာမှ မြန်မာလုပ်သား ၁၆ ဦးနဲ့ ထိုင်းယာဉ်မောင်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ကားက အရှိန်ပြင်းပြင်း မောင်းနှင်နေပြီး ရုတ်တရက် လမ်းကြောပြောင်းနေပြီး ဝန်အလေးကြီး တင်ထားပုံရကာ နောက်ခန်းကို အမိုးအကာနဲ့ ဖုံးအုပ်ထားတာကို တွေ့ရလို့ ရဲတွေက တားဆီးစစ်ဆေးခဲ့တာပါ။
ကားကို စစ်ဆေးရာမှာ ယာဉ်မောင်းဖြစ်သူ အသက် ၃၁ နှစ်အရွယ် မစ္စတာ ဘွန်ချူအွိုင်းကို တွေ့ရပါတယ်။ ကားနောက်ခန်းက အမိုးအကာကို ဖွင့်လိုက်တဲ့အခါမှာတော့ တရားမဝင်လုပ်ရပ်ကို ဖုံးကွယ်ဖို့အတွက် စိုက်ပျိုးရေးပစ္စည်း သယ်ယူဟန်ဆောင်ကာ သစ်သားပြားတွေနဲ့ အဆင့် ၂ ဆင့် ထပ်ထားတဲ့ လျှို့ဝှက်ခန်းကို တွေ့ခဲ့ရပါတယ်။ ဒီလျှို့ဝှက်ခန်းနဲ့ ကားအတွင်းမှာ စုစုပေါင်း မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၆ ဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ သူတို့မှာ တရားဝင် ခရီးသွားလာခွင့် စာရွက်စာတမ်းတွေ တစ်စုံတစ်ရာမှ မပါရှိခဲ့ပါဘူး။
ဒါ့အပြင် ကားအတွင်းပိုင်း ယာဉ်မောင်းဘေးနားမှာပါ စိတ်ကြွဆေးပြား ၃၄ ပြားနဲ့ မူးယစ်ဆေး (ICE) ၀.၃ ဂရမ်ကိုပါ ရဲတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။စစ်ဆေးမေးမြန်းရာမှာ မစ္စတာ ဘွန်ချူအွိုင်းက မြန်မာလုပ်သား ၁၆ ဦးကို လူတစ်ဦးလျှင် ဘတ် ၅၀၀ နှုန်းနဲ့ ပို့ဆောင်ပေးဖို့ လက်ခံခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ မူးယစ်ဆေးဝါးတွေဟာလည်း သူ့ပိုင်ဆိုင်မှု ဖြစ်တယ်လို့ ပြောပါတယ်။
စစ်ဆေးမှု မှတ်တမ်းတွေအရတော့ မစ္စတာ ဘွန်ချူအွိုင်းဟာ ဒီအမှုမျိုးနဲ့ ယခင်က ၂ ကြိမ် ဖမ်းဆီးခံရဖူးပြီးသား ဖြစ်တာကြောင့် ဒီတစ်ခါဟာ တတိယအကြိမ် ဖမ်းဆီးခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က သူ့ကို တရားမဝင်လူခိုးသွင်းမှုနဲ့ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုတွေနဲ့ စွဲချက်တင်ဖို့အတွက် သက်ဆိုင်ရာ စစ်ဆေးရေးမှူးဆီကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ khaosod သတင်းက ဖော်ပြပါတယ်။