ဘန်ကောက်ရဲတပ်ဖွဲ့ဟာ မြို့လယ်ခေါင်က အာရပ်ဆံပင်ညှပ်ဆိုင် ဟန်ပြဖွင့်ထားတယ်လို့ ယူဆရတဲ့ ဆိုင်တစ်ဆိုင်ကို ဝင်ရောက်စီးနင်းခဲ့ရာ အတွင်းထဲမှာ လျှို့ဝှက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရာ နေရာတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း နဲ့ ဆက်စပ်နေသူ ရှစ်ဦးကို လက်ပူးလက်ဖမ်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ဖမ်းဆီးရမိသူ ၈ ဦးထဲမှာ ထိုင်းနိုင်ငံသားတစ်ဦးအပြင် အီဂျစ်၊ မြန်မာ၊ ပါကစ္စတန်၊ အီရတ်၊ အာဖဂန်နစ္စတန် နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။
ဝါတနာခရိုင်၊ ဆွတ်ခွန်ဗစ်လမ်း ၃ ဖြစ်ပွါးခဲ့တာဖြစ်ပြီး လျှို့ဝှက်အသွင်ယူထားတဲ့ ရဲအရာရှိတွေကို အဆောက်အအုံထဲ ဆွဲဆောင်ပြီး တရားမဝင် မူးယစ်ဆေးဝါး တွေ ကမ်းလှမ်းခဲ့ရာကနေ စစ်ဆင်ရေး စတင်ခဲ့တာပါ။ ရဲတွေ ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဆံပင်ညှပ်ဆိုင်ရဲ့ အတွင်းပိုင်းထဲမှာ ဖောက်သည်တွေကို ဆေးခြောက် ဒါမှမဟုတ် တခြား မူးယစ်ဆေးတွေ သုံးစွဲဖို့ ဖိတ်ခေါ်တဲ့ လျှို့ဝှက်အခန်း တစ်ခုပါ ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။
အနံ့ခံ ခွေးတွေနဲ့ပါ ပူးပေါင်းပါဝင်ခဲ့ပြီး မူးယစ်ဆေးတွေကို ဖျော်ရည်ဖျော်စက်ရဲ့ အလယ်မှာ ဝှက်ထားတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲမှာ စိတ်ကြွဆေးပြား ၄ ပြား၊ ရေခဲ ၊ ကိုကိန်း၊ မက်သ်ဆေးပြား၊ မှော်မှို အပြင် ငွေသား ဘတ် ၁၂၅၀၀၀ကျော် နဲ့ ဆေးဝါးပြင်ဆင်ရာမှာ သုံးတဲ့ မီးဖိုအိုးခွက်တွေလည်း ပါဝင်ပါတယ်။ဂိုဏ်းခေါင်းဆောင်လို့ ရဲက သတ်မှတ်ထားတဲ့ အသက် ၅၀ အရွယ် ထိုင်းနိုင်ငံသား ချလောင်ခွမ် ကတော့ သူဟာ ဆံပင်အလှပြင်ဆိုင်နဲ့ တရားဝင် ဆေးခြောက်ဆိုင်သာ ဖွင့်တာပါလို့ ငြင်းဆိုပါတယ်။
အီဂျစ်လူမျိုး မီနာ ဖာရွတ် ကလည်း သူတို့က အလုပ်သမားတွေသက်သက်ပါလို့ ပြောပြီး ယာစင် ဆိုသူကို အပြစ်ပုံချခဲ့ပါတယ်။ဒါပေမဲ့ စုံစမ်းစစ်ဆေးသူတွေကတော့ ဒီအဖွဲ့ဟာ မူးယစ်ဆေးရောင်းတာ၊ ဖောက်သည်ရှာတာနဲ့ ပစ္စည်းဝှက်တာ စတဲ့ တာဝန်တွေကို ခွဲဝေယူပြီး စနစ်တကျ ဖွဲ့စည်းထားတဲ့ ကွန်ရက်တစ်ခုအဖြစ် လှုပ်ရှားနေတာလို့ ယုံကြည်နေပါတယ်။ ပြီးတော့ ဒီအဖွဲ့ဟာ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ နဲ့လည်း ဆက်စပ်နေတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။