ချွန်ပူလီမြို့မှာ အလုပ်သွားဖို့ ကားစောင့်နေရင်း စက်ချို့ယွင်းတဲ့ကား ဝင်တိုက်ခံရကာ အသက်ဆုံးရှုံးခဲ့ရတဲ့ မြန်မာအလုပ်သမား ကိုစိုးလင်းဦးအတွက် အာမခံနစ်နာကြေး ဘတ် ၁၂ သိန်းလောက် မိသားစုက ပြန်လည်ရရှိမယ်လို့ သိရပါတယ်။ ချွန်ပူလီမြို့မှာရှိတဲ့ ဂျက်လစင်ဟွေ့ပါ ကွန်ဒိုအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့၊ မနက် ၆ နာရီခွဲလောက်က ဖြစ်ပွားခဲ့တာပါ။
ကားမတော်တဆမှုကြောင့် အလုပ်သမားလေးဦး ထိခိုက်ခဲ့ရပြီး အဲဒီအထဲက ကိုစိုးလင်းဦးဟာ ဆေးရုံရောက်ပြီး မကြာခင် အသက်ဆုံးရှုံးခဲ့ရတာပါ။ ကျန်ရှိတဲ့ အလုပ်သမား ၃ ဦးရဲ့ အခြေအနေကတော့ ကိုနွေးထွန်း ဟာ ခါးရိုးကျိုးသွားခဲ့ပြီး မန်မိုရီရယ် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ကိုချစ်လင်းထိုက် ကလည်း ခါးရိုးထိခိုက်ဒဏ်ရာရခဲ့ပြီး လန်ချဘန်း ဆေးရုံမှာ ကုသမှု ခံယူနေဆဲ ဖြစ်ပါတယ်။ ကိုညိမ်းထွန်း ကတော့ လက်ကျိုးခဲ့ပေမယ့် ချွန်ပူလီဆေးရုံမှာ ကုသမှုခံယူပြီးနောက် ဒဏ်ရာသက်သာလာတာကြောင့် ဆေးရုံက ဆင်းနိုင်ခဲ့ပြီလို့ သိရပါတယ်။
“ ဆုံးသွားတဲ့ အလုပ်သမားအတွက် နစ်နာကြေးကတော့ ဘတ် ၁၂ သိန်းဝန်းကျင်လောက်ဖြစ်မယ်လို့ မှန်းထားပါတယ်။ ကားထော်လဘော်၊ ပကန်ကြေး၊အသက်အာမခံကြေးနဲ့ သဂြိုလ်စရိတ်တွေပါပါတယ်။ ကျန်တဲ့အလုပ်သမား ၃ ယောက်အတွက်လဲ ၁၀ သိန်းထက်မပိုတဲ့ ကုန်ကျစရိတ်နဲ့ကုသခွင့်ရမှာပါ။ ဆေးရုံကဆင်းပြီးမှပဲ ကျန်တဲ့နစ်နာကြေးကိစ္စဆက်လုပ်ပေးသွားမှာပါ “ လို့ WAG အဖွဲ့က ကိုမုန်တိုင်းက ပြောပြပါတယ်။
သေဆုံးသွားတဲ့ ကိုစိုးလင်းဦး အတွက် နစ်နာကြေး တွေကို သေဆုံးသူရဲ့ မိဘတွေက ကိုယ်တိုင် လာရောက် ထုတ်ယူနိုင်ဖို့ စီစဉ်ထားပြီး ရုပ်အလောင်းကိုတော့ WAG အဖွဲ့ကနေ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၆နာရီအချိန်မှာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိထားတဲ့ ကျန်အလုပ်သမား ၃ ဦးအတွက်လည်း ဒဏ်ရာသက်သာဖို့ ဘတ် ၁၀ သိန်းအထိ ကုသခွင့်ရရှိမှာ ဖြစ်ပြီး ဆေးကုသမှုတွေ ပြီးစီးသွားတဲ့အခါမှာတော့ ထိခိုက်ဆုံးရှုံးမှုတွေအတွက် ကားထော်လဘော်နဲ့ ပကန်ကြေး နစ်နာကြေးတွေ ရရှိနိုင်ဖို့ ကူညီဆောင်ရွက်ပေးသွားမယ်လို့ WAG အဖွဲ့က ထုတ်ပြန်ထားပါတယ်။