တာ့ခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ်မှာ သဘာဝနယ်စပ်လမ်းကြောင်းကနေ တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၂၃ ဦးကို ရဲနဲ့ ပူးပေါင်းအဖွဲ့တွေက ဖော်ထုတ်ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ တာဝန်ရှိသူတွေဖြစ်တဲ့ ဖုတ်ဖရာရဲစခန်း၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဖုတ်ဖရာမြို့နယ်၊ ဝါလေတိုင် – မော်ကဲလ်ထိုင်း ကျေးရွာတစ်ဝိုက်မှာ ကင်းလှည့်နေစဉ် သံသယဖြစ်ဖွယ် ကားနှစ်စီးကို ရပ်တန့်စစ်ဆေးခဲ့တာပါ။
ကားနှစ်စီးကို စစ်ဆေးလိုက်တဲ့အခါ တရားဝင်ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံထဲကို ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၅ ဦး ကို ပါဝင်တဲ့ မြန်မာအလုပ်သမား ၂၃ ဦး တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် သူတို့ကို ကူညီဖုံးကွယ်ပေးတဲ့ ထိုင်းနိုင်ငံသား နှစ်ဦးကိုလည်း အခင်းဖြစ်နေရာမှာပဲ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အရာရှိတွေက ကားနှစ်စီးကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းပြီး ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ အရေးယူဖို့ ဖုတ်ဖရာရဲစခန်း စုံစမ်းစစ်ဆေးရေးမှူးတွေဆီ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်တယ်လို့ ထိုင်းရဲသတင်းအရ သိရပါတယ်။
သတင်း – กองกำลังนเรศวร