၇ ဦးအဖမ်းခံရပြီး နိုင်ငံပြန်ပို့ခံရမည် 

ဘန်ကောက်မြို့ ၊ ဘန်ကပိခရိုင် ရမ်ခမ်ဟဲင် လမ်း ၅၀ တစ်ဝိုက်မှာ နိုင်ငံခြားသားတွေက စားသောက်ဆိုင်တွေ၊ အလှပြင်ဆိုင်တွေကို ဖွင့်ပြီး အလုပ်လုပ်နေတယ်ဆိုပြီး ပြည်သူတွေဆီကနေ တိုင်ကြားမှုတွေတိုင်ကြားမှု ရလို့ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ အလုပ်အကိုင်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေကို နိုင်ငံခြားသားတွေက မလုပ်ကိုင်နိုင်အောင်နဲံ  နိုင်ငံခြားသားလုပ်သားတွေဟာ ဥပဒေနဲ့အညီ လုပ်ကိုင်နေခြင်း ရှိမရှိ ချက်ချင်း စစ်ဆေးဖို့ ညွှန်ကြားခဲ့တယ်လို့ အလုပ်အကိုင်ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် မစ္စတာဖိချတ်ထ်ထောင်ဖန်း (Mr. Pichet Thongphan) က ပြောပါတယ်။ 

စက်တင်ဘာ ၂၉ ရက်နေ့မှာ အရာရှိတွေဟာ အဲဒီ ရမ်ခမ်ဟဲင် ၅၀ လမ်းပေါ်က ဆိုင်နဲ့ အလှပြင်ဆိုင် ၅ ဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့ရာမှာ စားသောက်ဆိုင်ဖွင့်တာ၊ ခေါင်းလျှော်ပေးတာ၊ ဆံပင်အခြောက်ခံပေးတာတွေ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၇ ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေမှာ အလုပ်လုပ်ခွင့်လိုင်စင် လုံးဝမရှိဘဲ အလုပ်လုပ်သူ  ၂ ဦး ၊ အလုပ်လုပ်ခွင့်လိုင်စင်မရှိ၊ ထိုင်းနိုင်ငံမှာလည်း တရားမဝင် နေထိုင်သူ ၃ ဦး နဲ့ လုပ်ကိုင်ခွင့်ရှိတဲ့ အလုပ်ထက် ကျော်လွန်ပြီး အလုပ်လုပ်သူ  ၂ ဦးတို့ ဖြစ်ပါတယ်။ဒီဖြစ်စဉ်မှာ တရားမဝင်သူတွေကို ငှားရမ်းတဲ့ အလုပ်ရှင် ၅ ဦး ကိုလည်း ဥပဒေအရ အရေးယူဖို့ ဟွာမက်ရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။  

နိုင်ငံခြားသား လုပ်သားများအတွက် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်မှု စီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေအရ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်တွေကတော့  အလုပ်လုပ်ခွင့်လိုင်စင်မရှိဘဲ အလုပ်လုပ်ခြင်း သို့မဟုတ် လုပ်ကိုင်ခွင့်ကို ကျော်လွန်လုပ်ကိုင်ခြင်း အတွက် ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ရိုက်ခံရမှာဖြစ်ပါတယ်။ဒဏ်ရိုက်ပြီးတာနဲ့ မူရင်းနိုင်ငံကို ပြန်ပို့ခံရမယ့်အပြင် ပြစ်ဒဏ်ကျခံရတဲ့နေ့ကစလို့ နောက်ထပ် ၂ နှစ်အထိ အလုပ်လုပ်ခွင့်လိုင်စင် လျှောက်ထားခွင့် ပိတ်ပင်ခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်ရှင်များနဲ့ လုပ်ငန်းရှင်များအနေနဲ့ လိုင်စင်မရှိသူကို ခန့်ထားရင် သို့မဟုတ် သတ်မှတ်ချက်ကို ကျော်လွန်လုပ်ကိုင်စေရင် ခန့်ထားတဲ့ နိုင်ငံခြားသား တစ်ဦးစီအတွက် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ရိုက်ခံရမှာဖြစ်ပြီး ထပ်မံကျူးလွန်ပါက ၁ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် သို့မဟုတ် နိုင်ငံခြားသား တစ်ဦးစီအတွက် ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။ဒါ့အပြင် ၃ နှစ်ကြာအောင် နိုင်ငံခြားသားလုပ်သား ငှားရမ်းခွင့် ပိတ်ပင်ခံရနိုင်ပါတယ်။

ညွှန်ကြားရေးမှူးချုပ်ကတော့ အလုပ်အကိုင်ဦးစီးဌာနအနေနဲ့ ပြည်သူတွေရဲ့ သတင်းပေးချက်တိုင်းကို အရေးထားပြီး တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဥပဒေအရ အပြင်းအထန် အရေးယူသွားမှာ ဖြစ်တယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။  

Share.
Leave A Reply

Exit mobile version