ထိုင်းနိုင်ငံ ကန်ချနပူရီ ခရိုင်ထဲမှာ အောက်တိုဘာ ၃ ရက်နေ့ညက မသင်္ကာစရာ ကားတစ်စီးကို အဝေးပြေး လမ်းရဲတွေက လိုက်လံဖမ်းဆီးရာကနေ တရားမဝင် မြန်မာနိုင်ငံသား ၁၀ ဦးကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ယာဉ်မောင်းသူက ရဲတွေလိုက်တာကို မြင်တော့ အရှိန်တင်မောင်းပြေးရာကနေ လမ်းကွေ့မှာ အရှိန်လွန်ပြီး လမ်းပေါ်မှာ တိမ်းမှောက်သွားခဲ့ပါတယ်။ 

ကားကို စစ်ဆေးကြည့်ရာမှာ ကားထဲမှာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၅ ဦး ပါတဲ့ စုစုပေါင်း မြန်မာနိုင်ငံသား ၁၀ ဦးကို တွေ့ရှိခဲ့ပြီး ယာဉ်မောင်းဖြစ်သူနိုင်ချန်ဆိုသူက မှတ်ပုံတင်မဲ့သူ (Stateless Person) ဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ပဲခူးနဲ့ နေပြည်တော်က လာကြသူတွေ ဖြစ်ပြီး ဘုရားသုံးဆူဘက်ကနေ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့ကြတာပါ။ 

မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံထဲ ဝင်ရောက်ဖို့ အေးဂျင့်ကို တစ်ဦးချင်း ဘတ် ၁၀,၀၀၀ စီ ပေးခဲ့ရတယ်လို့ ထွက်ဆိုပါတယ်။ သူတို့ရဲ့ ပန်းတိုင်ကတော့ နခွန်ပထုံ ခရိုင် ဖြစ်ပါတယ်။ယာဉ်မောင်းသူ နိုင်ချန်ကတော့ နိုင်အောင်ဆိုတဲ့ လူဆီကနေ အလုပ်သမားတွေကို သွားကြိုပေးဖို့ ငှါးရမ်းခံရတာကြောင့် တစ်ဦးကို ဘတ် ၂,၅၀၀ နှုန်းနဲ့ စုစုပေါင်း ဘတ် ၂၅,၀၀၀ ရဖို့ စီစဉ်ထားပြီး ဒါပထမဆုံးအကြိမ် လုပ်ဖူးတာလို့ ဆိုပါတယ်။

ရဲတွေက ဖမ်းဆီးရမိသူအားလုံးကို ကန်ချနပူရီ ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပြီး ဥပဒေအရ အရေးယူဖို့ ဆက်လက် ဆောင်ရွက်နေပါတယ်။ယာဉ်မောင်းဖြစ်သူကို တရားမဝင် ဝင်ရောက်လာသူများကို ဖုံးကွယ်ကူညီမှုနဲ့ စွဲချက်တင်ထားပြီး မြန်မာလုပ်သား ၁၀ ဦးကိုတော့ တရားမဝင် နိုင်ငံအတွင်း ဝင်ရောက်မှုနဲ့ စွဲချက်တင်ထားတယ်လို့ ch 7 သတင်းအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version