ထိုင်းနိုင်ငံ MRTA (မြေအောက်ရထားလမ်း အာဏာပိုင်အဖွဲ့) က ဗာဂျီရာဆေးရုံ ရှေ့မှာ ပြိုကျသွားတဲ့ စမ်ဆမ်လမ်း ကို နှစ်ပတ်အတွင်း ပြန်လည်ပြုပြင်မယ်လို့ ကတိပေးထားပါတယ်။ ပြုပြင်ရေးလုပ်ငန်းကို အဆင့်နှစ်ဆင့်ခွဲပြီး လုပ်ဆောင်နေတာပါ။ ပထမအဆင့်အနေနဲ့ လမ်းအောက်ခြေ ခိုင်မာဖို့အတွက် လမ်းကျွံတွင်းထဲကို သဲအိတ် ၅၀,၀၀၀ ခန့် နဲ့ ကွန်ကရစ်တွေ လောင်းထည့်နေပါတယ်။ ဒီအဆင့်ပြီးမှ မြေအောက်က ရထားဥမင်လိုဏ်ခေါင်းနဲ့ ဘူတာရုံ အပါအဝင် ပျက်စီးသွားတဲ့ အနီးနားက အဆောက်အအုံတွေကို ပြန်လည်တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ဒီလမ်းပြိုကျမှုကြောင့် အနီးနားရှိ စမ်ဆမ်ရဲစခန်း ဟာ အဆိုးဆုံး ထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရဲစခန်းအဆောက်အအုံရဲ့ အုတ်မြစ်တွေ ပျက်စီးပြီး ၂ မီလီမီတာ လောက် တွင်းကြီးဘက်ကို စောင်းသွားခဲ့တာကြောင့် ပြိုကျမယ့်အန္တရာယ်ရှိနေပြီး အဆောက်အအုံကို ဝင်ခွင့် လုံးဝ ပိတ်ထားပါတယ်။ ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ လမ်းပြိုကျရတဲ့ အဓိကအကြောင်းရင်းက လမ်းအောက်က ရေပိုက်ပေါက်ပြဲ တာကြောင့် မြေသားတွေ အရည်ပျော်ပြီး မြေအောက်ဥမင်ထဲ စီးဝင်သွားလို့ ဖြစ်တယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် ပျက်စီးနေတဲ့ ရေနုတ်မြောင်းပိုက်တွေကြောင့် မိုးရွာသွန်းမှု က အခြေအနေကို ပိုမိုဆိုးရွားစေမှာကို စိုးရိမ်နေရပါတယ်။

ဘန်ကောက်မြို့တော်ဝန် က ထိခိုက်နစ်နာသူတွေကို အကူအညီနဲ့ လျော်ကြေးတွေ ပေးအပ်နိုင်ဖို့ ဒီဧရိယာကို ဘေးအန္တရာယ်ကျရောက်ရာဇုန် အဖြစ် ကြေညာလိုက်ပါတယ်။ MRTA အကြီးအကဲကလည်း ဒေသခံတွေနဲ့ ထိခိုက်သူအားလုံးကို တောင်းပန် ပြီး လျော်ကြေးပေးအပ်သွားမယ် လို့ ကတိပြုထားပါတယ်။ လမ်းပြင်ဆင်နေစဉ်အတွင်း စမ်ဆမ်လမ်းကို ပိတ်ထားပြီး ယာဉ်ကြောတွေကို ဆုခိုထိုင်းလမ်း ကနေ လမ်းလွှဲပေးထားသလို ဗာဂျီရာဆေးရုံက လူနာတွေကိုလည်း လိုအပ်ရင် ရွှေ့ပြောင်းနိုင်ဖို့ အရန်ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ Bangkok post သတင်းအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version